ချန်ပီယံလိဂ်မဲခွဲပွဲကို ဒီကနေ့မှာ ကျင်းပပြုလုပ်သွားမှာပါ။

လီဗာပူးဟာ ဒီကနေ့ည ကျင်းပပြုလုပ်မယ့် ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲမှာ အုပ်စုကျပ်အတွင်း ကျရောက်နိုင်ခြေရှိကြောင်း သိရှိရပါတယ်။ ဒီမဲခွဲပွဲကိုတော့ ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။



လီဗာပူးဟာ မဲအိုးနံပါတ် (၂) မှာ ကျရောက်နေပြီး ထိပ်တန်းအသင်းကြီးအချို့နဲ့ တအုပ်စုတည်း ထိပ်တိုက်တွေ့ဖွယ်ရှိပါတယ်။ မဲအိုးနံပါတ် (၁) မှာတော့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့ ပါဝင်နေပြီး မဲအိုးနံပါတ် (၃) မှာလည်း စီးရီးအေကလပ် အင်တာမီလန်က ပါဝင်နေပါတယ်။ ဒါ့အပြင် စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ ပြင်သစ်ကလပ် မာဆေးလ်ကလည်း မဲအိုးနံပါတ် (၄) မှာရှိနေပါတယ်။

အဲ့ဒါကြောင့် လီဗာပူးအနေနဲ့ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ဆဲလ်တစ် (သို့မဟုတ်) မာဆေးလ်တို့နဲ့သာ တအုပ်စုတည်းကျရောက်ခဲ့မယ်ဆိုရင် သေမင်းတမန်အုပ်စုဖြစ်သွားနိုင်ဖွယ်ရှိပါတယ်။ ချဲလ်ဆီးကလည်း အလားတူ အုပ်စုကျပ်ထဲ ကျရောက်နိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် နောက်ထပ် ပရီးမီးယားလိဂ်အသင်းတသင်း မန်စီးတီးကလည်း အုပ်စုကျပ်နိုင်ခြေရှိပါတယ်။ မန်စီးတီးဟာ မဲအိုးနံပါတ် (၁) မှာ ပါဝင်နေပေမယ့် ဘာစီလိုနာ၊ အင်တာမီလန်၊ ဆဲလ်တစ် (သို့မဟုတ်) မာဆေးလ်တို့နဲ့ ထိပ်တိုက်တွေ့ဖွယ်ရှိပါတယ်။

ဒီလိုမျိုးအုပ်စုသာကျရောက်ခဲ့မယ်ဆိုရင် မန်စီးတီးအတွက်က ဆဲလ်တစ်၊ အင်တာမီလန်တို့ကို စိုးရိမ်စရာမရှိဘူးလို့ဆိုနိုင်ပေမယ့် ဘာစီလိုနာရဲ့ လူအင်အားကြောင့် အခြားပွဲတွေမှာ ခြေမချော်အောင်တော့ သတိထားရမှာပါ။ အထူးသဖြင့် လီဗာပူးကတော့ လူအင်အားနည်းပါးနေတာ၊ ခြေစွမ်းကျဆင်းနေတာတွေကြောင့် ချန်ပီယံလိဂ်မှာပါ အုပ်စုမကျပ်ဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူတို့ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပြန်တွေ့ခဲ့ရင်တော့ လီဗာပူးအတွက် စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဒါ့အပြင် လာမယ့်ဆောင်းရာသီမှာလည်း ကမ္ဘာ့ဖလားကျင်းပဖို့ရှိနေတာကြောင့် လီဗာပူးရဲ့ လက်ရှိလူအင်အား အနေအထားက ချန်ပီယံလိဂ်ရဲ့ သေမင်းတမန်အုပ်စုနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ သုံးသပ်ရမှာပါ။ 

Share

Loading Next Article...
က္က