မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပက်ဂျီဆန်က တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပြီး တောင်ကိုရီးယားကြယ်ပွင့်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်ကို တောင်းဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အတွက် ပွဲပေါင်း ၂၀၀ ကျော်ပါဝင်ကစားပေးခဲ့တဲ့ ပရိသတ်တွေရဲ့အချစ်တော် တောင်ကိုရီးယားဂန္တဝင်ကွင်းလယ်ကစားသမားက ဆွန်ဟောင်မင်ဟာ ရန်းနစ်ခ်ရဲ့အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ကောင်းကောင်း လုပ်နိုင်မှာဖြစ်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ပက်ဂျီဆန်က ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ကျောနံပါတ် ၇ ကို ရယူထားပြီးဖြစ်တာက ဆွန်ဟောင်မင်ရဲ့အပြောင်းအရွှေ့ကို နှောင့်နှေးစေမယ့် တစ်ခုတည်းသော အရာဖြစ်လိမ့်မယ်လို့တောင် Goal နဲ့ ပြောဆိုရာမှာ ဟာသဖောက်သွားခဲ့ပါသေးတယ်။
"ဆွန်က ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူ သက်သေပြသခဲ့ပြီးပြီဖြစ်ပြီး ကျွန်တော်ကတော့ ယူနိုက်တက်မှာ သူ အရမ်းကောင်းကောင်းလုပ်နိုင်ဖို့ လုံလုံလောက်လောက် ကောင်းမွန်တယ်လို့ ယုံကြည်ပါတယ်။ တစ်ခုတည်းသောအသေးစားပြဿနာလေးကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ရှိနှင့်ပြီးသားဖြစ်နေတဲ့အတွက် သူ အနှစ်သက်ဆုံး ကျောနံပါတ် ၇ ကို မရနိုင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ဆွန်ထက် တခြားတစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် ကစားသမားတွေအဖြစ်နဲ့ အလားအလာကောင်းတွေရှိတဲ့ ဝုဗ်က ဟွမ်ဟီးချန်းရော မာယော်ကာက လီကန်အင်တို့ ၂ ဦးစလုံးကို ရွေးချယ်မှာပါ"
ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအတွက် ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် စုစုပေါင်း ၂၁၁ ပွဲမှာ သွင်းဂိုး ၇၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၁ ကြိမ် ပြုလုပ်ထားတဲ့ ကစားသးမားဖြစ်ပါတယ်။ ပက်ဂျီဆန်က မန်ချက်စတာယူနိုက်တက်အသင်းမှာ အတူတူ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အသက်အရွယ်နဲ့မလိုက် စွမ်းဆောင်နိုင်မှုတွေကိုလည်း ဆက်လက် ချီးကျူးပြောကြားခဲ့ပါတယ်။
"အသင်းမှာ အကောင်းဆုံးနှစ်တွေကို အရင်တုန်းက ကုန်ဆုံးခဲ့ပြီးနောက် ယူနိုက်တက်ကို ပြန်လာတဲ့ ကစားသမားဆိုတာ ရှားပါးပြီး အဲဒါက မလွယ်ကူပါဘူး။ ဒါပေမယ့် အဲဒီလို ကစားသမားရှိခဲ့ရင်လည်း ကျွန်တော် ထင်ခဲ့မိတာ အဲဒါက ရော်နယ်လ်ဒိုပဲ ဖြစ်ပါလိမ့်မယ်။ အဲဒါတွေ ခဏထားပါ။ အားလုံးလည်း သိကြတဲ့အတိုင်း သူက လေ့ကျင့်ရေးကွင်းကို ပထမဆုံး ရောက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး နောက်ဆုံးမှ ပြန်တဲ့ကစားသမားပါ။ အဲဒါက သူ့ရဲ့ ဘောလုံးအပေါ် စိတ်ဆန္ဒပြင်းပြမှုကို ပြသနေတာပါ။ လူတွေက သူ့ရဲ့စွမ်းဆောင်ရည်က အသက် ၃၆ နှစ်အရွယ်မှာတောင် အံ့အားသင့်စရာကောင်းနေတုန်းပဲ ပြောကြတယ်"
"ဒါပေမယ့် အရင်တုန်းကတည်းက ဒီလိုအရာတွေကို လုပ်နေတာ မြင်ခဲ့ရတဲ့အသင်းဖော်တစ်ယောက်အနေနဲ့တော့ သူအခုလုပ်နေတာတွေက သူ့အတွက် သာမန်အားထုတ်မှုလောက်ဖြစ်ပြီး အံ့အားသင့်စရာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။