ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ရဲ့ ဒုတိယနေ့ပွဲတွေကို မနေ့က ကစားခဲ့ရာမှာ အသင်းကြီးတွေအားလုံးနီးပါး ရလာဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယနေ့ပွဲတွေအပြီးမှာ အုပ်စုအတွင်း ရှုံးပွဲမရှိ အသင်း (၃)သင်း ထပ်မံပေါ်ထွက်ခဲ့ပြီး ဘာစီလိုနာ၊ ပေါ်တိုတို့နဲ့ ဆိုရင် စုစုပေါင်း (၅)သင်းအထိ
ရှိသွားခဲ့ပါတယ်။
Group (E) ရဲ့ ပွဲစဉ်တွေမှာတော့ အေဂျက်ဇ် နဲ့ ဘိုင်ယန်တို့ တစ်ဖက် (၃)ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ အေဂျက်ဇ်အတွက် တာဒစ် နဲ့ ဘိုင်ယန်အတွက် လီဝန်ဒေါစကီးတို့ ခြေစွမ်းပြခဲ့ပြီး နှစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။ လီဝန်ဒေါစကီးကတော့ အုပ်စုအဆင့်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ်
(၈)ဂိုးနဲ့ ရပ်တည်ခဲ့ပြီး မက်ဆီထက် (၂)ဂိုးအသာ ရခဲ့ပါတယ်။ ရှုံးပွဲမရှိသေးတဲ့ အသင်းနှစ်သင်းရဲ့ အမ်စတာဒမ်မှာ တွေ့ဆုံမှုက အကြိတ်အနယ်ရှိခဲ့ပြီး အေဂျက်ဇ်ဟာ အိမ်ကွင်းမှာ ဘိုင်ယန်ကို နောက်ဆုံးအချိန်ထိ အရှုံးမပေးခဲ့ပဲ ချေပဂိုးတွေ သွင်းယူပြီး ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက်လည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ပွဲပြီးဖို့ (၃)မိနစ်အလိုအထိ ရှုံးနိမ့်ရမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီပွဲမှာ တစ်ဖက်ကို ကစားသမား တစ်ဦးစီ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ဝိုဘာ နဲ့ မူလာတို့ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခြားပွဲစဉ်မှာတော့ ဘင်ဖီကာကအေအီးကေအသင်ကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ကို သွားကစားရတော့မှာပါ။
Group (F) မှာတော့ မန်စီးတီးက ဟော့ဖန်ဟိမ်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းက (၁၆)မိနစ်မျာ ကရာမာရစ်ရဲ့ ပယ်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆာနေးက မန်စီးတီးအတွက် (၂)ဂိုးသွင်းယူပြီး နိုင်ပွဲ ရယူပေးခဲ့ပါတယ်။ ရှက်တာဒိုးနတ်နဲ့ လိုင်ယွန်တို့ တစ်ဖက်တစ်ဂိုးစီ
သရေပွဲဖြစ်ခဲ့ပြီး လိုင်ယွန်က အုပ်စုတွင်းရှုံးပွဲမရှိစံချိန်နဲ့ နောက်တဆင့်ကို မန်စီးတီးနဲ့အတူ တက်ရောက်သွားခဲ့ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ ရှက်တာဒိုးနတ်က ရယူသွားခဲ့ပါတယ်။
Group (G) မှာ နောက်တဆင့်ကို တက်ရောက်ပြီးသားဖြစ်တဲ့ ရီးရဲလ် နဲ့ ရိုးမားတို့ နှစ်သင်းလုံး ရှုံးပွဲကြုံခဲ့ပါတယ်။ ရီးရဲလ်က ရှုံးချက်နာခဲ့ရပြီး အိမ်ကွင်းမှာ စီအက်စ်ကေအေကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ကစားသမားအစုံအလင်နီးပါး ပါဝင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ လူစာရင်းက စီအက်စ်ကေအေကို အခုလို ဂိုးပြတ်ရှုံးနိမ့်စရာ မရှိပေမယ့်လည်း တကယ်တမ်းမှာတော့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။ ကွင်းလယ်မှာ ခရူးစ် နဲ့ မိုဒရစ်တို့ မပါဝင်ပေမယ့် အစ္စကို နဲ့ ပုံမှန်ကစားခွင့်ရစပြုလာတဲ့ လော်ရန်တေးတို့ ပါဝင်ခဲ့တာပါ။ ရီးရဲလ်ဟာ အုပ်စုပွဲတွေမှာ စီအက်ကေအေကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ရပြီး သွင်းဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။
ရိုးမားကလည်း ဗစ်တိုးရီးယားပယ်လ်ဇန်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ပယ်လ်ဇန်ကတော့ စီအက်စ်ကေအေနဲ့ ရမှတ်ချင်းတူနေပြီး ဂိုးကွာခြားချက်မှာ အရေးနိ့်ထားပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်ကို ရခဲ့ပါတယ်။ ရီးရဲလ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ စီအက်စ်ကေအေအတွက်တော့ အခါနှောင်းခဲ့ရပါတယ်။
Group (H) ပွဲစဉ်မှာလည်း နောက်တဆင့်တက်ရောက်ပြီးသား ဂျူဗီ နဲ့ မန်ယူတို့ဟာ အဝေးကွင်းတွေမှာ ၂-၁ နဲ့ အသီးသီးရှုံးပွဲကြုံခဲ့ပါတယ်။ ကစားသမားအပြောင်းအလဲ အများအပြားလုပ်ခဲ့တဲ့ မန်ယူဟာ အဝေးကွင်းမှာ ဗလန်စီယာကို ယှဉ်မကစားနိုင်ခဲ့ပဲ ကိုယ့်ဂိုးကိုယ်သွင်းယူမှု တစ်ဂိုးအပါအဝင်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ ဘိုင်ယီ၊ ရိုမဲယိုး၊ ဗလန်စီယာ၊ လူကာကူတို့ ပါဝင်လာခဲ့ပေမယ့် ဗလန်စီယာကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။
ဂျူဗင်တပ်စ်ကလည်း ယန်းဘွိုင်းစ်ကို ဆွစ်ဇာလန်မြေမှာ အနိုင်မရခဲ့ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ရော်နယ်ဒို၊ မန်ဇူကစ်၊ ဒေါက်ဂလပ်စ်ကော်စတာ အစရှိတဲ့ တိုက်စစ်ကစားသမားအစုံအငလ်နဲ့ နောက်တန်းမှာလည်း အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ယန်းဘွိုင်းစ်ကို အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ခဲ့ပါတယ်။ လူစားဝင်တိုက်စစ်မှူး ဒီဘာလာက ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့လို့ နှစ်သိမ့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီအုပ်စုမှာတော့ ဂျူဗီနဲ့မန်ယူတို့က နောက်တဆင့်ကို တက်ခဲ့ပြီး ဗလန်စီယာကတော့ ယူရိုပါလိဂ်မှာ ကစားရမှာပါ။