မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က အမေရိကမှာ ရုပ်ရှင်ရိုက်ကူးရေးပညာ လေ့လာနေတဲ့ သားလေးနဲ့ ပတ်သက်ပြီး သူမျှော်လင့်ထားသမျှကို Duwun Media ကနေ ပရိသတ်ကို ဝေမျှခဲ့ပါတယ်။
'' သူကတော့ သူ့ရဲ့အတွေးအခေါ်၊ သူ့ရဲ့ အယူအဆနဲ့ သူ့ရဲ့ ယုံကြည်ချက်နဲ့ပဲ လျှောက်မှာလေ။ ကျွန်တော်တို့က ပံ့ပိုးပေးတာလောက် ပဲရှိမှာ ပေါ့။ သူဖန်တီးထားတဲ့ ဇာတ်ကားကိုတော့ ကျွန်တော်မကြည့်ရသေးဘူး၊ ကြိုးစားပမ်းစားရိုက်နေတာကိုတော့ သိတယ်။ ပိုက်ဆံ တော်တော် ကုန်ခံပြီးတော့ အချိန်ယူရိုက်တယ်ဆိုတာကိုလည်း သိတယ်။ သေချာလေးလေးနက်နက် လုပ်နေတယ်လို့လည်း သိရတယ်။ သူကျောင်းပြီး သွားရင်တော့ ကျွန်တော်ကြည့်ရမှာပါ" လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။
မင်းသန့်မောင်မောင်က အခုတက်ရောက်နေတဲ့ကျောင်းက Final Thesis အတွက် "Look At Me" ဆိုတဲ့ ဇာတ်လမ်းတိုလေး ရိုက်ကူးခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတိုလေးက ကွဲကွာနေတဲ့ မိဘတွေကြားထဲက သူကျင်လည်ရတဲ့ ခံစားချက်ကို ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တာပါ။
"သူ့ဘဝအကြောင်းကို သူရိုက်ထားတာလေ။ ကျွန်တော်နားလည်သဘောပေါက်ပေးပါတယ်။ ကျွန်တော့် သားလေးကိုလည်း ပရိသတ်တွေက ကြည်ရှုစောင့်ရှောက်ပေးပါ'' လို့လည်း ယင်းဇာတ်လမ်းတိုလေးနဲ့ ပတ်သက်ပြီး ပြန်ပြောပြရင်း ပရိသတ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
စင်ရော်မောင်မောင်ဟာ မိဘတိုင်းမှာတော့ အိပ်မက်ဆိုတာရှိတယ်။ အဲ့ဒီအတွက် သားဖြစ်သူကိုလည်း အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်း လျှက်ရှိတဲ့အကြောင်းကို ဇွန်လ ၂၆ ရက်နေ့က Blanco ရဲ့ 8 years Anniversary ပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' အဖေရော၊ အမေရော ခြေရာနင်းဖို့လိုပါတယ်။ ကျွန်တော်ထင်တယ် သူဘွဲ့ရပြီးရင် Job Training ပေါ့ အဲ့ဒါလုပ်မယ်။ ပြီးရင်တော့ လမ်းကြောင်းတစ်ခုအပေါ် တင်ရမှာပေါ့။ အမေလို သရုပ်ဆောင်ကောင်းပြီး ဒါရိုက်တာကောင်း တစ်ယောက်ဖြစ်စေချင်တယ်။ မိဘတိုင်း ကတော့ အိပ်မက်ဆိုတာ ရှိတာပေါ့လေ သူ အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်" လို့လည်း စင်ရော်မောင်မောင်က သားအပေါ်ထားတဲ့ သူ့ရဲ့ဆန္ဒကို ပြောပြခဲ့ပါတယ်။
ထာဝရအမေ ရုပ်ရှင်ဇာတ်ကားနဲ့ စင်ရော်မောင်မောင် ဒါရိုက်တာ ဆုရ
ဒါရိုက်တာ စင်ရောက်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင်ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။
မင်းသန့်မောင်မောင်က အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာ ငယ်စဉ်ကတည်းက တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။