ဖေဖော်ဝါရီလ(၁)ရက်နေ့စတင်တိုက်ကျွေးမှာပါ

၂၀၀၈ခုနှစ်အတွင်း ရိုတာဗိုင်းရပ်(စ်)ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်ကမ္ဘာလုံး ကလေးငယ်ပေါင်း လေးသိန်းခွဲကျော်သေဆုံးခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အသက်(၅)နှစ်အောက်ကလေးသေဆုံးမှုကိုလျှော့ချနိုင်ရန် ဖေဖော်ဝါရီလကစပြီး အသက်(၂)လအရွယ် ကလေးများကို ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးအခမဲ့တိုက်ကျွေးသွားမှာပါ။

၂၀၂၀ ဖေဖော်ဝါရီလ(၁)ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အသက်(၂)လအရွယ်ကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်တဲ့ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးသစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခမဲ့ တိုက်ကျွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဆေးဟာ မြန်မာနိုင်ငံမှာ (၁၂)မျိုးမြောက်ထည့်သွင်းနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး တစ်နိုင်ငံလုံးရှိ (၂)အရွယ်ကလေးငယ်များကို ဒေသအလိုက် လိုက်လံတိုက်ကျွေးသွားမှာဖြစ်ပါတယ်။

“ ရိုတာဗိုက်ရပ်(စ်)ကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ကလေးက အသက်(၁)နှစ်အောက်မှာ ပြင်းထန်တဲ့ရောဂါဖြစ်တာအများဆုံးပါ။ ဒါကြောင့်ကာကွယ်ဆေးတိုက်မယ့်အရွယ်ကို (၂)လအရွယ်တွေကိုတိုက်ကျွေးသွားမှာ။ (၂)လအရွယ်မှာ ပထမအကြိမ်တိုက်ပြီး (၄)လအရွယ်မှာ ဒုတိယအကြိမ်တိုက်မှာပါ။ အရွယ်အားဖြင့်ဆိုရင်တော့ တစ်နိုင်ငံလုံးတိုက်ကျွေးရမယ့်ကလေးအရေအတွက်က ခန့်မှန်းခြေ (၁)သိန်းကျော်ကျော်လောက်ဖြစ်မယ်။ တစ်နှစ်လုံးဆိုရင်တော့ ကလေးသန်းနဲ့ချီတိုက်ရမှာပါ” လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က မီဒီယာတွေကိုပြောပါတယ်။

၂၀၁၄ကနေ ၂၀၁၉ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသတဲ့ အသက်(၅)နှစ်အောက်ကလေးတွေမှာ ရိုတာဗိုက်ရပ်(စ်) ဖြစ်ပွားမှုက (၃၈)%ကနေ (၅၆)%ထိရှိကြောင်းလေ့လာဖော်ပြချက်တွေအရသိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ (၂၀၀၈)ခုနှစ်မှာ တစ်ကမ္ဘာလုံး ရိုတာဗိုင်းရပ်(စ်)ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်ပေါင်း (၄၅၃,၀၀၀)မျှသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးခဲ့တဲ့ ကလေးတွေရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာလည်း အသက်(၅)နှစ်အောက်ကလေးသေဆုံးမှု လျော့ချနိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းမှာ ဒီဆေးကိုထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးဟာ(၁၄)နှစ်လုံး နိုင်ငံပေါင်း(၉၈)နိုင်ငံမှာတိုက်ကျွေးခဲ့တဲ့ ကာကွယ်ဆေးဖြစ်လို့ ကလေးတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိကြောင်းကိုလည်း တာဝန်ရှိသူတွေအနေနဲ့ရှင်းလင်းပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က