Cat ဟာ စစ်တပ်သုံးအကြမ်းခံမှုမြင့် စမတ်ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။
ကြံ့ခိုင်တောင့်တင်းတဲ့ ကိုယ်ထည်တည်ဆောက်မှုကြောင့် နာမည်ကြီးတဲ့ Cat ဖုန်းတွေရဲ့ မူအတိုင်း Cat S32 ဟာ ရေလုံတဲ့ IP68 rating စံကို သုံးထားပါတယ်။ Cat S32 ဟာ အကြမ်းခံမှုမှာ စစ်တပ်သုံး MIL-STD-810G အဆင့်မီ ဖုန်းဖြစ်လို့ ၁.၈ မီလာလောက်ကနေ ပြုတ်ကျတဲ့ဒဏ်ပါ ခံနိုင်အောင် စမ်းသပ်အောင်မြင်ထားပါတယ်။
Cat S32 ဟာ အလွန်ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေမှာလည်း စက်ပိုင်းဆိုင်ရာချို့ယွင်းမှုမရှိဘဲ အလုပ်လုပ်နိုင်ပြီး ကိုယ်ထည်ကိုလည်း လက်ထဲ မြဲအောင် ဆုပ်နိုင်တဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ခေတ်ပေါ်အန်းဒရိုက်ဖုန်းတွေလိုတော့ မှန်ပြင်ပြည့်ဒီဇိုင်း မဟုတ်သလို high-end processor လည်း သုံးမထားပါဘူး။
Photo: PR Newswire
အကြမ်းခံခြင်းနဲ့ ရေရှည်အသုံးခံနိုင်တဲ့ ဘက်ထရီပါဝါဘက်ကို ဦးစားပေးထားတဲ့ ဖုန်းဖြစ်လို့ ၅.၅ လက်မ 720p display ပဲ ပါရှိပါတယ်။ ကိုယ်ထည်ဟာ 18:9 aspect ratio နဲ့ ထုတ်ထားပြီး display ကိုတော့ DragonTrail Pro Glass အုပ်ထားပါတယ်။ Cat S32 ဟာ လက်ရေစိုနေချိန်မှာလည်း အသုံးပြုနိုင်သလို လက်အိတ်ဝတ်ထားချိန်မှာတောင် သုံးနိုင်မှာပါ။
ဖုန်းရဲ့ ဘယ်ဘက်ဘောင်မှာ ဝိုင်ယာလက်စကားပြောဆက်သွယ်မှုလို app တွေ သုံးဖို့အတွက် သီးသန့် key တစ်ခု ထည့်ပေးထားပါတယ်။ Cat S32 ဟာ quad-core MediaTek Helio A20 chipset နဲ့ လာပြီး RAM 3GB/32GB storage သုံးထားပါတယ်။ ဘက်ထရီအနေနဲ့ အနည်းဆုံး ၂ ရက်အထိ အသုံးခံမယ့် fast charging ပံ့ပိုးမှုပါ 4200mAh ဘက်ထရီ သုံးထားပြီး Bluetooh 5.0 စနစ် ၊ NFCဆက်သွယ်မှုနဲ့ 3.5mm headphone jack တို့ ပါရှိပါတယ်။
ကျောဘက်မှာ 13MP ကင်မရာနဲ့ 5MP ဆယ်လ်ဖီကင်မရာသုံးထားတဲ့ Cat S32 ကို ၂၉၉ ယူရို ( မြန်မာငွေ ၄ သိန်း ၈သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။