သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှုကို ရက်ပေါင်း (၁၈၀)အတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။
အောက်တိုဘာ(၁၈) ရက်နေ့က ပုဒ်မ ၃၃၂၊ ၃၅၂ နဲ့ အာမခံရသွားတဲ့ လင်းလက်ဟိန်းကတော့ ဒီနေ့(အောက်တိုဘာ၂၉ရက်)ရုံးချိန်းသို့ တက်ရောက်ခဲ့ပါတယ်။ အရက်မူးပြီး အမှားလုပ်လိုက်မိခဲ့တာကြောင့် အမှုရင်ဆိုင်နေရတဲ့ လင်းလက်ဟိန်းက နောက်ဆိုရင် အရက်မသောက်မိအောင်နေဖို့ကိုလည်း စိတ်ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်က မူးပြီးမှားသွားတာပေ့ါ။ အားလုံးကိုလည်း တောင်းပန်ပါတယ်။ အားလုံးစိုးရိမ်အောင် လုပ်လိုက်မိတဲ့အတွက် နောက်ဆိုရင်လည်း မသောက်တော့ပါဘူး။လိမ္မာပါတော့မယ်” လို့ ဒီနေ့ ရုံးချိန်းကအပြန် မီဒီယာတွေကို ပြောပြခဲ့ပါတယ်။
လက်ရှိမှာလည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်နေပြီး ဖြစ်တာကြောင့် ပရိသတ်တွေ မစိုးရိမ်ဖို့ကိုလည်း ပြောခဲ့ပါတယ်။
သရုပ်ဆောင် လင်းလက်ဟိန်းရဲ့ အမှုကို ရက်ပေါင်း (၁၈၀)အတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။နောက်ထပ်ရုံးချိန်းကိုလည်း နိုဝင်ဘာ(၁၄)ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပါတယ်။
သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတဦး ဓားကိုင်ကာ မူးယစ်သောင်းကျန်းနေကြောင်း ရပ်ကွက်နေပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ရပါတယ်။ ဖမ်းဆီးရာမှာ လင်းလက်ဟိန်းလက်နက် မချဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးကိုလည်း ကတ်ကြေးဖြင့် ပြေးထိုးခဲ့တာကြောင့် လင်းလက်ဟိန်းအား ရဲတပ်ဖွဲ့ဝင် တဦးက အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့အောက်ပိုင်းကို တချက် ပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) ၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ဖြင့် အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်မှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။