ဖားကန့်မြို့နယ် မှော်ဝမ်းကြီး ကျေးရွာအနီးက လုပ်ကွက်ဟောင်း နွံကန် ပေါက်ကျမှုဖြစ်ပွားခဲ့ရာ လုပ်ကွက်ထဲမှာရှိနေတဲ့ ကုမ္ပဏီဝန်ထမ်း ၄၁ ဦထက်မနည်း သေဆုံးခဲ့တယ်လို့ အဲဒီနေရာကို သွားရောက်သတင်းယူနေတဲ့ ဒေသခံသတင်းထောက် ကိုဇော်မိုးထက်ထံကနေ သိရပါတယ်။
Photo- Zaw Moe Htet
“လောလောဆယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်။ သူတို့ ဖော်နေတာ အလောင်း (၃) လောင်းကို တွေ့ထားပြီးပါပြီ။” လို့ သတင်းယူနေတဲ့ ဒေသခံသတင်းထောက် ကိုဇော်မိုးထက်က Duwun ကို ပြောပါတယ်။
ဧပြီလ ၂၂ ရက် ည ၁၁ နာရီကျော်လောက်မှာ နွံကန် ပေါက်ကျခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူတွေမှာ KNDPC၊ နဂါးကိုးကောင်၊ ချောင်ဘရားသားနဲ့ မြန်မာသူရကုမ္ပဏီတွေမှ ဝန်ထမ်းများဖြစ်ကြပြီး စက်ယန္တရား ပျက်စီးဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
“ ည ၁၁ နာရီ ညလယ်စာ ကော်ဖီ၊ လဖက်ရည် ခေါက်ဆွဲစားဖို့ နားတဲ့အချိန်မှာ ဖြစ်သွားတာပါ။ သေဆုံးသွားတဲ့ ကုမ္မဏီဝန်ထမ်းတွေရဲ ကျန်ရစ်တဲ့ မိသားစုအသီးသီးဆီကိုလည်း အကြောင်းကြားထားပြီးပါပြီ ။ အလောင်းတွေ ရှာဖို့လည်းလုပ်နေပါတယ် " လို့ မြန်မာသူရကုမ္ပဏီမှ ဆိုက်တာဝန်ခံက ပြောပါတယ်။
Photo- Zaw Moe Htet
ပြိုကျသွားတဲ့ နွံကန်မှာ နဂါးကိုးကောင်ကုမ္ပဏီရဲ့ နွံကန်ဟောင်းဖြစ်ပြီး နဂါးကိုးကောင်မှ ဝန်ထမ်း ၂၆ ဦး၊ မြန်မာသူရကုမ္ပဏီဝန်ထမ်း၂၈ ဦး နွံတွေနဲ့ ဖုံးလွှမ်းပြီး ပိတ်မိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ပေါက်ကျသွားတဲ့ နွံကန်ကတော့ ပေ ၁၀၀ ဝန်းကျင် အနက်ရှိပြီး အကျယ်က ၅ ဧကလောက်အထိ ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိတော့ နွံကန်ထဲ နစ်မြှုပ်နေတဲ့ အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရသလို ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်းအထိတော့ အလောင်း (၃) လောင်းရှာတွေထားလို့လည်း ဆိုပါတယ်။