မေလ(၂)ရက်နေ့ည(၈)နာရီအချိန်မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ံငံမှာ COVID-19 ရောဂါပိုးပျောက်ကင်းသူ (၆)ဦးထပ်တိုးလာပြီလို့သိရပါတယ်။
လူနာအမှတ်(၅၃)၊ (၇၀)၊ (၇၁)၊ (၇၃)၊ (၇၅)နဲ့(၈၅) တို့ရောဂါပိုးကင်းစင်သက်သာခဲ့ပြီလို့ သတင်းထုတ်ပြန်ခဲ့တာပါ။ မေလ(၂)ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးပျောက်ကင်းသူ ၃၁ဦးအထိရှိခဲ့ပြီး ၆ဦးထပ်တိုးလာတဲ့အတွက် စုစုပေါင်း ၃၇ဦးအထိရှိခဲ့ပြီဖြစ်ပါတယ်။
ယနေ့ညမှာ ဆေးစစ်မှု Negative ပြပြီးကောင်းမွန်လာတဲ့လူတွေထဲမှာ လူနာအမှတ်(၅၃) က မကွေးတိုင်းဒေသကြီးမြို့သစ်မြို့ကအသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်ပြီး အမှတ်(၇၀)က မရမ်းကုန်မြို့နယ်က အသက်၃၁နှစ်အရွယ် အမျိုးသား၊ အမှတ်(၇၁)က ဗဟန်းမြို့နယ်က အသက် ၃၂နှစ်အရွယ်အမျိုးသမီး၊ အမှတ်(၇၃)က အင်းစိန်မြို့နယ်က အသက်၂၉နှစ်အရွယ် အမျိုးသမီး၊ အမှတ်(၇၅)က မြောက်ဥက္ကလာက အသက် ၃၅နှစ်အရွယ် အမျိုးသမီး၊ အမှတ်(၈၅)က တောင်ဒဂုံက အသက် ၇၇နှစ်အရွယ်အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။
ဒီနေ့ည(၈)နာရီထုတ်ပြန်ချက်အရတော့ ဓာတ်ခွဲနမူနာ ၂၄၄ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိသူ မရှိဘူးလို့လည်းသိရပါတယ်။ မြန်မာနိုင်ံငံမှာ မေလ(၂)ရက်နေ့ညအထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ ၁၅၁ဦးရှိပြီး ၆ဦးသေဆုံးကာ ၃၇ဦးပြန်လည်ကောင်းမွန်နေပါတယ်။