ခရီးလည်း ခဏခဏသွားချင်တယ်၊ ကုန်ကျစားရိတ်လည်း ချွေတာချင်တယ်ဆိုတဲ့သူတွေအတွက် ဘတ်ဂျက်ခရီးသွားဖို့ နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။ ဒီအချက်တွေနဲ့ဆိုရင်တော့ ဈေးသက်သက်သာသာနဲ့ ခရီးသွားဖို့ကို စိတ်ပူစရာမလိုတော့ဘူးနော်။
ကြိုတင်စီစဉ်ပါ
လေယာဉ်လက်မှတ်၊ ကား၊ ရထားလက်မှတ်နဲ့ တည်းခိုမယ့်ဟိုတယ်တွေကို ကြိုတင်ဘွတ်ကင်လုပ်ထားတာက ပုံမှန်ခရီးသွားတာထက် ပိုပြီး ဈေးချိုနိုင်ပါတယ်။ နောက်ထပ်တစ်ခုက သွားလည်မယ့်ခရီးစဉ်မှာ တစ်ယောက်တည်းသွားတာထက် ခရီးစဉ်တူသူတွေနဲ့ ပူးပေါင်းသွားတာ၊ ကားငှားရင်လည်း စပ်တူငှားပြီး အသုံးစားရိတ်ကိုလည်း ချွေတာလို့ရပါတယ်။
ရာသီချိန်ကုန်မှ သွားပါ
မေးနေစရာမလိုလောက်အောင်ပဲ ခရီးသွားရာသီချိန်တွေဟာ လူထူထပ်ပြီး ဈေးနှုန်းကအဆမတန်ကြီးလွန်းပါတယ်။ ဒါတွေကို ရှောင်ဖို့အတွက် ခရီးသွားနည်းတဲ့အချိန်ဖြစ်တဲ့ မိုးရာသီလိုအချိန်မှာ လည်ပတ်တာက အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲလေ။ ကံကောင်းရင် ဟိုတယ်နဲ့ လေကြောင်းလိုင်းတွေရဲ့ ပရိုမိုးရှင်းတွေပါ ရနိုင်သေးလို့ ထပ်ဆင့်ချွေတာနိုင်သေးတယ်နော်။
ဘတ်ဂျက် လေကြောင်းလိုင်းကို သုံးပါ
ဇိမ်ခံလေကြောင်းလိုင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုသက်သာတဲ့ ဈေးနှုန်းရှိတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေကို ရွေးချယ်သင့်ပါတယ်နော်။ ဒီလေကြောင်းလိုင်းတွေက ကြိုတင်ဝယ်ထားလေ ဈေးသက်သာလေဆိုပေမဲ့ တစ်ခုသိထားသင့်တာတော့ ခရီးဆောင်အိတ်နဲ့ တခြားအဆင်တန်ဆာတွေအတွက် အပိုကြေးပေးချေရမှာကိုတော့ သတိပြုရပါမယ်။
တည်းခိုခန်း ဒါမှမဟုတ် ဘတ်ဂျက်နေရာများမှာ တည်းခိုပါ
ဟိုတယ်တွေထက်စာရင် တည်းခိုခန်း၊ တည်းခိုအဆောင်နဲ့ ဧည့်ရိပ်သာတွေက ပိုဈေးချိုလေ့ရှိပြီး သွားလာရလည်း လွယ်ကူတယ်လေ။ အဲဒီနေရာတွေမှာ တည်းခိုရင်း ရည်ရွယ်ချက်တူတဲ့ ခရီးသွားတွေနဲ့ အတွေ့အကြုံတွေ ဖလှယ်ရတာကလည်း အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်စေပါတယ်။
တက္ကစီအစား ဘတ်စ်ကား၊ ရထား၊ မြေအောက်ရထားတွေကို အသုံးပြုပါ
အများပြည်သူသုံး ယာဉ်၊ ရထားတွေက တက်စီကားတွေထက် စျေးသက်သာတတ်ပါတယ်။ တစ်နေရာရာ သွားမလည်ခင်မှာ သွားမယ့်နေရာမှာရှိတဲ့ လမ်းကြောင်းတွေကို လေ့လာပြီး ခရီးစဉ်ကို လိုက်လျောညီထွေဖြစ်အောင် စီစဉ်ထားသင့်ပါတယ်။ အနီးတစ်ဝိုက်က နေရာတွေကို သွားလည်တဲ့အခါမှာတော့ လမ်းလျှောက်သွားပြီး ပတ်ဝန်းကျင်က အလှအပတွေကို ခံစားနိုင်ပါတယ်နော်။
အခမဲ့လည်ပတ်စရာများကို ရှာဖွေပါ
လျှော့ဈေး ဒါမှမဟုတ် အခမဲ့ဝင်ခွင့်ပြုထားတဲ့ ပြတိုက်၊ ပန်းခြံ၊ ကစားကွင်းတွေကို သွားရောက်လည်ပတ်ပါ။ တချို့ခရီးသွားနေရာတွေဟာ လူသွားနည်းတဲ့ရာသီမှာ လျှော့ဈေးချပေးလေ့ရှိလို့ ကိုယ်သွားချင်တဲ့နေရာကို လူမှုကွန်ရက်စာမျက်နှာတွေကနေ တစ်ဆင့် အမြဲမပြတ်လေ့လာစူးစမ်းနေပါ။
လိုက်လျောညီထွေဖြစ်တဲ့ ခရီးစဉ်ဖြစ်ပါစေ
လေကြောင်းလိုင်းတွေက ကောက်ခံတဲ့ အပိုကြေးတွေကို ရှောင်ရှားဖို့ တကယ်လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ ထုပ်ပိုးပါ။ သွားလည်မယ့်ဒေသနဲ့ အလည်အပတ်နေရာတွေရဲ့ အကွာအဝေး၊ သွားလာရလွယ်ကူမှုနဲ့ ရာသီဥတုကို သေချာတွက်ချက်စီစဉ်ထားတာက ကုန်ကျစားရိတ်သက်သာဖို့နဲ့ တည်းခိုစားရိတ်တွေ ချွေတာဖို့ပါ အထောက်အကူဖြစ်စေပါတယ်။
တိုးရစ်တွေကို ပစ်မှတ်ထားတဲ့နေရာတွေကို ရှောင်ပါ
ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့နေရာတွေမှာ စျေးနှုန်းတွေ ဖောင်းပွနေတတ်ပါတယ်။ ဒါကြောင့် စျေးသက်သက်သာသာနဲ့ ပိုစစ်မှန်တဲ့ အတွေ့အကြုံတွေကို ရှာဖွေဖို့ ဒေသခံတွေကို မေးမြန်းပြီး ခရီးသွားပါ။ တောင်တက်တာ၊ ပျော်ပွဲစားထွက်တာ၊ ညဈေးပွဲတော်သွားတာတွေကလည်း ကုန်ကျစားရိတ်နည်းနည်းနဲ့ ပျော်စရာတွေကို ရှာဖွေနိုင်မှာ အသေအချာပါပဲ။ ဒီအကြံပြုချက်တွေကို အသုံးချပြီး အကုန်အကျသက်သာပြီး ပျော်စရာကောင်းတဲ့ ဘတ်ဂျက်ခရီးစဉ်တစ်ခုကို အခုပဲ ဖန်တီးလိုက်ပါ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။