ခင်ဇာခြည်ကျော်တစ်ယောက် သူ့ရဲ့ သားချောလေးကြောင့် ချွေးမလောင်းတွေ တန်းစီနေတဲ့အကြောင်း ပြောပြလာပါပြီ။ သားဖြစ်သူရဲ့ လက်တွဲဖော်ကိုလည်း ဘယ်လို သတ်မှတ်ချက်မျိုးမှ မထားဘူးလို့ သူကဆိုပါတယ်။
Photo: Khin Zar Chi Kyaw Facebook
သရုပ်ဆောင် ခင်ဇာခြည်ကျော်တစ်ယောက် သားချောလေး ဘုန်းမင်းနေလကြောင့် ချွေးမလောင်းတွေ တန်းစီနေပြီလို့ ဆိုပါတယ်။ သားလေး စာမေးပွဲ အောင်တဲ့အကြောင်းကို ဝမ်းသာအားရနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာရေးတင်လိုက်ပြီး သားနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ တင်လိုက်တဲ့ အတွက် မေမေ ခေါ်တဲ့သူတွေအများကြီး တွေ့ခဲ့ရတဲ့အကြောင်း မီဒီယာတွေကနေ တဆင့် ပြောပြလာပါတယ်။
'' အစ်မက သားသားက ဘယ်လို အောင်တဲ့အတွက် သားအမိပုံလေးတွေနဲ့ Status ရေးပြီးတော့ တင်လိုက်တာကို သူတို့က Share လိုက်တာ။ Share တဲ့ လူဦးရေကလည်း အစ်မဆီမှာ လာလာပေါ်တယ်လေ။ အဲ့ဒါတွေကို အစ်မက ထောက်ပြီးကြည့်တော့ မေမေရယ်၊ မေမေ့သားကို သမီးတို့ သေချာစောင့်ရှောက်ပါ့မယ် မေမေ့ကို စိတ်ချမ်းသာအောင် ထားပါ့မယ်ပေါ့။ အမလေး မျိုးစုံပဲ''လို့ သူကဆိုပါတယ်။
Photo: Khin Zar Chi Kyaw Facebook
မိန်းကလေး ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတဲ့ ဘုန်းမင်းနေလ အတွက် မိခင်ဖြစ်သူ ခင်ဇာခြည်ကျော် ဘယ်လို ချွေးမလောင်း ရမှ ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိဘူးလို့ ဆိုပါတယ်။ သားဖြစ်သူကိုလည်း အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောကျ်ားတစ်ယောက် ဖြစ်တာကြောင့် ပညာတတ် တစ်ယောက်ဖြစ်ဖို့ အဓိက ကျတယ်လို့ သြဂုတ်လ ၃၁ ရက်နေ့ညက Junction City မှာပြုလုပ်ခဲ့တဲ့ နေရယ်၊ လရယ်၊ အမှန်တရား ရယ် ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' ချွေးမလောင်းတွေကတော့ ပြောမနေနဲ့တော့ တန်းကိုစီနေတာပဲ ။ အစ်မဖြစ်စေ ချင်တာ ကတော့ ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့နော်။ ဒါမှလည်း အချိန်တန်ရင် သူများသားသမီးကို လုပ်ကျွေးနိုင်မှာလေ။ ယောကျ်ား ဆိုတာမျိုးက ကိုယ်က ဦးဆောင်ရမှာဆိုတော့ ဘွဲ့တစ်ခု ရပြီး သွားရင်ဘယ်သူနဲ့ယူယူ မိကောင်းဖခင် သားသမီးဖြစ်ရမယ်၊ ကိုယ့်သားအပေါ် ချစ်ရမယ်။ အဲ့ဒီလိုတော့ ဖြစ်စေချင်တာပေါ့'' လို့ဆိုပါတယ်။
သားဖြစ်သူကြောင့် ဂုဏ်ယူနေရတဲ့ ခင်ဇာခြည်ကျော်
Photo: Khin Zar Chi Kyaw Facebook
အနုပညာအလုပ်တွေ မလုပ်ရသေးပေမယ့်လို့ ပရိသတ်အားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ ဘုန်းမင်းနေလရဲ့ အောင်မြင်မှုကိုလည်း ခင်ဇာခြည်ကျော်က ဆက်လက် ပြောပြခဲ့ပါသေးတယ်။ ဒီအတွက်ကြောင့်လည်း မိခင်တစ်ယောက်ရဲ့ ခံစားချက်ကတော့ အရမ်းကို ဝမ်းသာပါ တယ်တဲ့။
'' သူ့ကို အစ်မအရမ်းနောက်တယ်၊ မင်း ဆယ်လီလည်းမဟုတ်ဘူး၊ ၁၁ လီလည်း မဟုတ်ဘူး ဒါပေမယ့် ဘုန်းမင်းနေလဆိုရင် We Love တွေ လည်းရှိတယ်။ သူ့ We Love တွေကလည်း တစ်ခါတလေကျရင် ကိုယ် မတွေ့ဖူးတဲ့ ပုံတွေ သူတို့ ဘယ်က ရှာလည်း မသိဘူး။ ကိုယ့်သားကို ချစ်ပေးတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ အခုဆိုရင်တောင် မေမေ၊ မေမေ လို့ အခေါ်ခံနေရပြီ'' လို့ သူကဆိုပါတယ်။
Photo: Khin Zar Chi Kyaw Facebook
ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။