မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ နော်တင်ဟမ်ဖောရက်စ် ကစားသမားတွေရဲ့ လုပ်ရပ်တခုက ပရိသတ်တွေအတွက် ပြောစရာဖြစ်နေခဲ့ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ဖေဘီယန်ရှား၊ ကော်လမ်ဝီလ်ဆင်တို့ရဲ့ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
တန်းတက်နော်တင်ဟမ်ဖောရက်စ်ဟာ ဒီပွဲမှာ နယူးကာဆယ်ကို ဘယ်လိုမှမယှဥ်နိုင်ခဲ့ဘဲ နယူးကာဆယ်ကသာ ပွဲစဆုံးလွှမ်းမိုးခဲ့ပါတယ်။ ဒါ့အပြင် တန်းတက်နော်တင်ဟမ်ဖောရက်စ်ဟာ ဒီပွဲမှာ နယူးကာဆယ်ဂိုးပေါက်ကို တကြိမ်တောင် တည့်မတ်အောင် ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါဘူး။ ပြောစရာဖြစ်ခဲ့တဲ့ကိစ္စကတော့ ပွဲကစားချိန် (၇၂) မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်တို့ ထောင့်ကန်ဘောရချိန်မှာ နော်တင်ဟမ်ဖောရက်စ် ကစားသမားတွေအကုန်လုံးက နယူးကာဆယ်ဂိုးဧရိယာအပြင်ဘက် ခပ်လှမ်းလှမ်းကနေ နေရာယူခဲ့ပါတယ်။ သာမန်အားဖြင့် ထောင့်ကန်ဘောရတဲ့အချိန်မှာ ဂိုးဧရိယာထဲမှာသာ နေရာယူပြီး ဂိုးသွင်းဖို့ ကြိုးစားလေ့ရှိတာပါ။ ဒါပေမယ့် နော်တင်ဟမ်ဖောရက်စ် ကစားသမားတွေက အခုလိုပဲ ထူးထူးဆန်းဆန်း ပြုမူခဲ့တာဖြစ်ပါတယ်။
ပြိုင်ဘက်နယူးကာဆယ်ဂိုးသမား နစ်ပုပ်နဲ့ နောက်ခံလူတွေကတော့ နော်တင်ဟမ်ဖောရက်စ်ကစားသမားတွေရဲ့ လုပ်ရပ်ကို ဝေခွဲရခက်ဖြစ်ခဲ့ပါတယ်။ ထောင့်ကန်ဘောကန်ဖို့ နေရာယူထားတဲ့ ကစားသမားက ဘောလုံးကို ကန်တင်ပေးဖို့ ပြေးလာချိန်မှာတော့ နော်တင်ဟမ်ဖောရက်စ် ကစားသမားငါးယောက်လောက်က နယူးကာဆယ်ဂိုးဧရိယာထဲကို ချိန်သားကိုက်ပြေးဝင်လာခဲ့ပြီး ဂိုးသွင်းဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ဒီဘောလုံးကိုလည်း နစ်ပုပ်က လွယ်လွယ်ကူကူနဲ့ ဖမ်းယူနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ “ငါပျင်းလာရင် ဖီဖာဂိမ်းထဲမှာ ဆော့နေကျအကွက်တွေပဲ” “အပျော်တမ်းလိဂ်လို ခံစားချက်မျိုးကို ငါရလိုက်တယ်” “ငါတို့ ဒီပုံစံကို ရှည်လျားတဲ့ရာသီကြီးထဲမှာ ထိုင်ကြည့်နေရမှာလား” လို့ အစရှိသဖြင့် အမျိုးမျိုး လှောင်ပြောင်သွားခဲ့ကြပါတယ်။ ဒါမျိုးလှည့်ကွက်ကို (၂၀၁၈) ကမ္ဘာ့ဖလားမှာ အင်္ဂလန်တို့ မက်ဂွိုင်းရားနဲ့အတူ အသုံးပြုခဲ့ဖူးသေတယ်လို့လည်း သိရှိရပါတယ်။