သရုပ်ဆောင်တွေရဲ့ စိတ်လှုပ်ရှားမှုကိုပြောလာပါတယ်။

ထူးခြားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်လာဦးမယ့် ‘’ငါတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ် ကိုယ်တိုင် ပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကလည်း သူတို့ရဲ့ ကာရိုက်တာတွေအတွက် စိတ်လှုပ်ရှားနေကြပါပြီ။

‘’ငါတို့သည်’’ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ကိုယ်တိုင် ရိုက်ကူးသွားမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’အဲဒီအတွက်တော့ ကျွန်တော်တို့ စွန့်စားရမှာပေါ့နော်။ ဇာတ်လမ်းတည်ဆောက်ပုံ နဲ့ ကျွန်တော်တို့ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ချ်နဲ့ ဆွဲဆောင်ရမှာပေါ့နော်။ ဒီဇာတ်ကားထဲမှာလည်း ကျွန်တော်တို့ရဲ့ လုပ်အားတွေ၊ ကြိုးစားအားထုတ်မှုတွေ အပြည့်ရှိရမယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က ၁၀၀ ရာခိုင်နှုန်းအပြည့်ကြိုးစားသွားရင်တော့ ပရိသတ်တွေဆီက ရလာဘ်ကောင်း တစ်ခုတော့ ရမှာပါ’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ဇာတ်ကားရဲ့ ထူးခြားမှုလေးက ဆန်းလို့ ပါဝင်သရုပ်ဆောင်ဖြစ်တယ်လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။

‘’ ဒီကာရိုက်တာက အရမ်းထူးခြားတယ်။ ဒီကာရိုက်တာနဲ့ ပရိသတ်တွေကို Surprise လုပ်ချင်လို့ ခဏ ဝှက်ထားတယ်ပေါ့နော်။ ဒီဇာတ်ကားပုံစံလေးကတော့ အဗန်ချာ အက်ရှင်ပုံစံဘက်ကို သွားမှာပါ။ နည်းနည်းလေး စွန့်စားပြီးတော့မှ လုပ်ရမယ့် အက်ရှင်မျိုးတွေလည်း ပါတယ်။ ကာရိုက်တာကလည်း ထူးခြားတဲ့ ဇာတ်ကောင်ပဲဖြစ်မှာပါ’’

အဲဒီနောက် ရွှေပိုးအိမ်ကလည်း သူမ ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာလေးကို မိတ်ဆက်ပြောပြခဲ့ပါသေးတယ်။ ရွှေပိုးကတော့ ဇာတ်ကားရိုက်ကူးရင်း ပညာတွေလည်း ယူရမယ်လို့ ဆိုပါတယ်။

‘’ ဒီဇာတ်ကားထဲမှာတော့ ရွှေပိုးက ဘုန်းကြီးကျောင်းမှာ စာသွားသင်ပေးရတဲ့ကောင်မလေး တစ်ယောက်ပေါ့နော်။ ဆရာမ ပုံစံတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကားထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ကို စတီးလ်ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ပြီးတော့ အတူတူသရုပ်ဆောင်ရမယ့် အနုပညာရှင်တွေဆီကလည်း ပညာတွေ ရမယ်လို့ ယုံကြည်ပါတယ်’’ လို့ ရွှေပိုးအိမ်က ပြောပါတယ်။

တိုင်ရွန်ကလည်း ‘’ငါတို့သည်’’ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံဖြစ်ခဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။ ဒါရိုက်တာ စတီးလ် ရဲ့ ရိုက်ကူးပုံဖော်မှုတွေကိုလည်း သဘောကျတယ်လို့ ဆိုပါတယ်။

‘’ ဒီဇာတ်ကားရဲ့ အဓိက ဆွဲဆောင်မှုက ကျွန်တော် တစ်ခါမှ မရိုက်ရသေးတဲ့ ဇာတ်ရုပ်မျိုးလည်းဖြစ်တယ်။ ပြီးတော့ အဝတ်အစားရော၊ ခေတ်ရော မတူဘူး။ အရင်ခေတ်ပုံစံရိုက်မယ် ဆိုတော့ လုပ်ချင်တာလဲပါတယ်။ ကိုစတီးလ် ရိုက်တဲ့ ဇာတ်ကားတွေမှာလည်း အသစ်တွေကို ပိုပြီးဖြစ်မြောက်အောင် ရိုက်ပေးတဲ့အတွက်ကြောင့်မို့လို့ လက်ခံရိုက်ကူးဖြစ်တာပါ’’ လို့ တိုင်ရွန်က ဆိုပါတယ်။

‘’ ငါတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးကို Life ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်သွားမှာပါ။ သရုပ်ဆောင် အလင်းရောင်၊ တိုင်ရွန်၊ထွန်းကိုကို၊ ခါရာ၊ နေထက်လင်း၊ နေမျိုးအောင်၊ နေရဲ၊ သိန်းလင်း၊ ရွှေသမီး၊ ရွှေပိုးအိမ်နဲ့ လမင်းကဗျာ တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က