ဘရာဇီးရဲ့ အဓိက,ကစားသမား နေမာတယောက် ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ဘရာဇီးရဲ့ ပွဲဦးထွက်မှာ ပါဝင်မကစားခင် တလအလိုဝန်းကျင်မှာ အကျင့်ပျက်ခြစားမှုနဲ့လိမ်လည်မှုကြောင့် တရားရုံးမှာ စစ်ဆေးကြားနာခံရမယ်လို့ သိရှိရပါတယ်။ ဒီအမှုဟာ ပြီးခဲ့တဲ့ (၂၀၁၃) က ဆန်းတို့စ်ကနေ ဘာစီလိုနာကို နေမာပြောင်းရွှေ့ချိန်က ဖြစ်ပွားခဲ့တဲ့ကိစ္စတွေကြောင့် စွဲဆိုခံရတာပါ။
ဘာစီလိုနာဥက္ကဌဟောင်း ရိုဆဲလ်နဲ့ ဘာတိုမြူတို့လည်း စစ်ဆေးခံရဦးမှာဖြစ်ပြီး နေမာကို ဆန်းတို့စ်ကနေ ခေါ်ယူချိန်က နေမာ၊ ကစားသမားရဲ့မိသားစုနဲ့ ဘာစီလိုနာတို့ ပူးပေါင်းပြီး လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
အဲ့ဒီအချိန်က နေမာကို (၄၀) ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ဘရာဇီးကုမ္ပဏီ DIS က နေမာတို့ရဲ့ အကွက်ကျကျ လိမ်လည်မှုတွေကြောင့် နေမာကို ဘောလုံးကစားခွင့် (၅) နှစ်ပိတ်ပင်ဖို့၊ ထောင်ဒဏ် (၅) နှစ် ချမှတ်ဖို့နဲ့ ဒဏ်ကြေးငွေ ပေါင် (၁၂၆) သန်းပေးဆောင်ဖို့ အလိုရှိနေပါတယ်။
နေမာတယောက် ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ချိန်မှာ အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်တဲ့ နေမာဒါဆေးလ်ဗားဆန်းတို့စ်က ဘာစီလိုနာနဲ့ ပေါင်းကာ စာချုပ်နှစ်စောင် ဖန်တီးခဲ့ပြီး တစောင်မှာ ပေါင် (၃၃) သန်းတန်ကြေးရှိကာ ဒီစာချုပ်ကို ဆန်းတို့စ်ဘက်က မသိရှိခဲ့ပါဘူး။ အဲ့ဒီအမှုကိုတော့ အောက်တိုဘာ (၃၁) မှာ ကြားနာမှာလည်းဖြစ်ပါတယ်။
အစိုးရရှေ့နေတွေဘက်ကလည်း နေမာကို ထောင်ဒဏ် (၂) နှစ်နဲ့ ဒဏ်ကြေး ပေါင် (၈.၄) သန်း ပေးဆောင်ဖို့ တရားစွဲဆိုနေပါတယ်။ ဘရာဇီးဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဆာဘီးယားနဲ့ နိုဝင်ဘာ (၂၄) မှာ ကစားဖို့ရှိပြီး အဲ့ဒီမတိုင်ခင် နိုဝင်ဘာ (၁၇) မှာ နေမာရဲ့ ပီအက်စ်ဂျီက မာဆေးလ်နဲ့ ပြင်သစ်လီဂူးပွဲအဖြစ် ယှဥ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။