ပြင်သစ်ဝန်ကြီးဌာန ဝန်ထမ်းတွေကို ထောက်ပံ့ပေးသွားမှာပါ

တောင်ကိုရီးယားကုမ္ပဏီ Samsung နဲ့ ဥရောပလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Airbus တို့အကြား အကြမ်းပတမ်းအသုံးခံအောင် ဒီဇိုင်းထုတ်ထားတဲ့ Rugged Galaxy ဖုန်းအလုံးရေ ၄ သိန်း ရောင်းချဖို့ သဘောတူစာချုပ်တစ်ခု ချုပ်ဆိုလိုက်ပါတယ်။ 

Samsung နဲ့ Airbus တို့ရဲ့ စာချုပ်ဟာ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးရာဌာနဝန်ထမ်းတွေကို Rugged Galaxy ဖုန်းအလုံးရေ ၄ သိန်း ထောက်ပံ့သွားဖို့ ချုပ်ဆိုထားတာပါ။ သဘောတူညီချက်ထဲမှာ Galaxy XCover 6 Pro စမတ်ဖုန်းနဲ့ Galaxy Tab Active 3 တက်ဘလက်တို့ ပါဝင်ပြီး အမျိုးသားရဲဌာန ၊ မီးသတ်ဌာနနဲ့ အရပ်ဘက်လုံခြုံရေးဆိုင်ရာ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 



Photo: GSMArena

ဒီပူးပေါင်းဆောင်ရွက်မှုဟာ အနာဂါတ် ရေဒီယိုကွန်ရက် (RRF- Reseau Radio du Futur) လို့ ခေါ်တဲ့ ပြင်သစ်ဝန်ကြီးဌာနက ဦးဆောင်နေတဲ့ ပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုလို့လည်း ဆိုပါတယ်။ ပြည်တွင်းလုံခြုံရေးအင်အားစုတွေရဲ့ ဆက်သွယ်မှုကို ပိုမိုဆန်းသစ်ခေတ်မီလာစေဖို့ နဲ့ ကြိမ်နှုန်းကျဉ်းနည်းပညာတွေကို 4G ၊ 5G ကွန်ရက်တွေဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတာပါ။ Airbus နဲ့ Capgemini တို့အကြား ပူးပေါင်းမှုဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အထမြောက်ဖို့ ရှိပါတယ်။

Samsung ရဲ့ Global Mobile B2B Team , MX Business ရဲ့ အကြီးအကဲလည်း ဖြစ် ၊ အမှုဆောင်ဒုဥက္ကဌလည်း ဖြစ်တဲ့ ကေစီ ချွိုင်က အရေးပါတဲ့ ပရောဂျက်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အကြမ်းပတမ်းအသုံးခံ ထုတ်ကုန်တွေကို မြင်တွေ့ရဖို့ သူ့အဖွဲ့က စိတ်လှုပ်ရှားနေပြီး ဒီပရောဂျက်မှာ တောင်ကိုရီးယားကုမ္ပဏီတစ်ခုကို ရွေးချယ်တာဟာ ဂုဏ်ယူစရာတစ်ခုပဲလို့လည်း ပြောပါတယ်။ Airbus ဥရောပအရောင်းနဲ့ ပရိုဂရမ်ဒါရိုက်တာ အဲရစ် ဒါဗာလိုက လုံခြုံရေးဟာ အတော်ကြီး တောင်းဆိုချက်များတဲ့နယ်ပယ်ဖြစ်ပြီး Samsung ဟာ လုံခြုံရေးနဲ့ ကယ်ဆယ်ရေးတပ်တွေ ကြားဝင်ရမယ့် အရေးတကြီးကိစ္စတွေအတွက် အပြီးပြည့်စုံဆုံး ပုံဖော်ပေးနိုင်တဲ့ ထိပ်တန်းဦးဆောင်နည်းပညာတွေ ပေးနိုင်တဲ့ ပါတနာတစ်ဦးလို့လည်း ဆိုပါတယ်။

Galaxy XCover 6 Pro နဲ့ Galaxy Tab Active 3 တို့ဟာ စစ်တပ်အဆင့် အကြမ်းခံမှုထောက်ခံချက်ဖြစ်တဲ့ MIL-STD-810H စံနဲ့အညီ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ ဖြစ်သလို လုံခြုံရေးပိုင်းမှာလည်း ကုမ္ပဏီရဲ့ အဆင့်မြင့်လုံခြုံရေးနည်းပညာ Samsung Knox တို့ကလည်း ထုတ်ကုန်ရဲ့ စက်ပစ္စည်းနဲ့ ဆော့ဖ်ဝဲလ်ပိုင်း အစအဆုံးကာကွယ်မှုပေးနိုင်တယ်လို့‌ ကြေညာထားပါတယ်။ 

Photo: GSMArena


ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မိတ်ဆက်ခဲ့တဲ့ Galaxy XCover6 Pro ဖုန်းသစ်ဟာ ၆.၆ လက်မ FHD+ LCD Display ရုပ်ထွက်ပါရှိပြီး 120Hz Refresh Rate သုံးထားပါတယ်။ 5G ကွန်ရက်စနစ် ချိတ်ဆက်နိုင်စွမ်းရှိပြီး အထိအတွေ့ Touch Sensitivity မြှင့်ထားတာကြောင့် လက်ရေစိုနေချိန်နဲ့ လက်အိတ်ဝတ်ထားချိန်မျိုးမှာတောင် XCover6 Pro ရဲ့ Display က အလွယ်တကူ အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ 

မှန်ပြင်ကို နောက်ဆုံးပေါ် အကြမ်းခံမှုအမြင့်ဆုံး Corning Gorilla Glass victus+ မှန်အုပ်ထားပြီး IP68 Rating ရေစို/ဖုန်တင်ခံမှု ၊ ဖြုတ်တပ်နိုင် 4050mAh ဘက်ထရီပါဝါနဲ့ ကျောဘက် 50MP Main Sensor ၊ 8MP Ultrawide Lens တို့ တပ်ဆင်ထားပါတယ်။ အာရှ ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်တွေထဲ ဝင်ရောက်မယ့် ထုတ်ကုန်ဖြစ်ပြီး အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၅၀၀ ဝန်းကျင်ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က