နောက်ဆုံးပေါ် OnePlus Flagship ဟာ သူ့အရင်မော်ဒယ်တွေနဲ့ စာရင် အကြမ်းမှုဘက်မှာ အားနည်းချက်ရှိနေပါတယ်။
နာမည်ကျော် JerryRigEverything ရဲ့ အကြမ်းခံစမ်းသပ်မှုမှာ OnePlus 10 Pro ဟာ စမ်းသပ်မှုအဆုံးအထိ မရောက်ခင် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ JerryRigEverything ရဲ့ YouTuber ဇက်ခ် နယ်လ်ဆင်ဟာ ဇန်နဝါရီလထဲမှာ မိတ်ဆက်သွားတဲ့ OnePlus 10 Pro ကို အကြမ်းခံမှုစမ်းသပ်ချက် Durability Test လုပ်ခဲ့တာပါ။
ဖုန်းတည်ဆောက်ပုံကြံ့ခိုင်မှုကို စမ်းသပ်တဲ့အနေနဲ့ ဖုန်းဘော်ဒီကို လက်နဲ့ တွန်းချိုးရာမှာ ကျိုးသံထွက်လာပြီး ဖုန်းကျောဘက်ကင်မရာ Bump အောက်ကနေ ထက်ပိုင်းကျိုးခဲ့တာ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အလယ်ပိုင်းကို လက်နဲ့ တွန်းချိန်မှာကတည်းက အက်သံထွက်ပြီး အက်ကြောင်းလိုက်လာတာ ဖြစ်ပါတယ်။ ကျိုးသွားတဲ့နေရာက ဘက်ထရီရဲ့ အပေါ်တည့်တည့်နေရာ ဖြစ်ပါတယ်။
အရင် OnePlus ဖုန်းအများစုတုန်းက နယ်လ်ဆင်ရဲ့ Durability Test မှာ ရလဒ်ကောင်းရခဲ့ပေမယ့် နောက်ပိုင်းထွက် OnePlus ဖုန်းတွေရဲ့ ကြံ့ခိုင်ရေးဟာ အရင်မော်ဒယ်တွေရဲ့ရလဒ်ကို မမှီဘူးလို့ ပြောရမှာပါ။ ၂၀၂၀ ဇူလိုင်လထဲမှာ စမ်းသပ်ခဲ့တဲ့ original OnePlus Nord ဟာလည်း ဖိအားအောက်မှာ ကျိုးပျက်သွားခဲ့ဖူးပါတယ်။
OnePlus 10 Pro အနေနဲ့ ဘော်ဒီအိမ်ကို ကွေးကြည့်တဲ့ Bend Test မှာ Fail ခဲ့ပေမယ့် တခြားစမ်းသပ်မှုအများစုကိုတော့ ကောင်းကောင်း ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Gorilla Glass Victus အကြမ်းခံမှန်ကြောင့် Scratch အစင်းခြစ်စမ်းသပ်မှုမှာ Level 6 အဆင့်မှ အစင်းရာတွေ ပြလာတာ ဖြစ်ပါတယ်။