ကိုယ်ကိုယ်တိုင်ဖြစ်စေ ၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကြုံတွေ့လာရတဲ့အခါ ၊ အကြမ်းဖက်မှုခံရသူတွေကို ဝေဖန်နေတဲ့ အကြောင်းအရင်းအချင်းအရာတွေ ရှိလာတဲ့အခါ ဘယ်လိုမျိုးတွေ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ခုပြောပြပေးချင်ပါတယ်။
အကြမ်းဖက်မှုတွေကို လက်မခံနိုင်ကြောင်းပြောပါ
ကိုယ်တိုင်ကြုံတွေ့တဲ့အခါမှာလည်း ဒီ အကြမ်းဖက်မှုကို လက်သင့်မခံနိုင်ကြောင်း ၊ လုံးဝ ကိုယ့်အပေါ်ကို ဘယ်လိုအကြမ်းဖက်မှုမျိုးမှ လာရောက်မလုပ်ဖို့အတွက် ပြတ်ပြတ်သားသားပြောဆိုဖို့လိုပါတယ်။ ကိုယ်တိုင်မဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်ကသူကို အကြမ်းဖက်မှုတွေ ပြုလုပ်လာရင်လည်း ဒီလိုအကြမ်းဖက်မှုမျိုးလုံးဝလက်သင့်မခံကြောင်း ပြောဆိုပြီး အကြမ်းဖက်ခံရသူရှေ့ကနေ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးသင့်ပါတယ်။
အကြောင်းပြချက်တွေကို လက်မခံပါနဲ့
အကြမ်းဖက်မှုကျူးလွန်သူက ဒီလိုအကြမ်းဖက်တာဟာ ဘာကြောင့်ပါ၊ ညာကြောင့်ပါဆိုတဲ့ ဆင်ခြေတွေမျိုးစုံပေးလာနိုင်ပါတယ်၊ (ဥပမာ လင်ယောက်ျားက ဇနီးသည်ကို ရိုက်ရတာဟာ အသုံးမကျလို့ပါ၊ လိင်အကြမ်းဖက်မှု ပြုလုပ်မိတာက တိုနံ့နံ့ ဝတ်စားဆင်ယင်မှုကြောင့်ပါ၊ အကြမ်းဖက်ဟာ ကျူးလွန်ခံရသူရဲ့အပြစ်ကြောင့်ဖြစ်တာ ၊ မူးယစ်ဆေးကြောင့်ဖြစ်တာ ၊ အရက်ကြောင့်ဖြစ်တာစတဲ့ ဆင်ခြင်တွေပေးလာနိုင်ပါတယ်) ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ အကြမ်းဖက်မှုက လုံးဝမလုပ်သင့်တဲ့အရာပါ။
ကျူးလွန်သူသည်သာ သူရဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူပါ
ဒီလိုအကြမ်းမှုတွေဟာ ကျူးလွန်ခံရသူကြောင့်မဟုတ်ဘဲ ကျူးလွန်သူရဲ့ အပြစ်၊ ကျူးလွန်သူရဲ့ တာဝန်သာဖြစ်ကြောင်း ကျူးလွန်သူကိုယ်တိုင်ရော ၊ ကျူးလွန်ခံရသူကိုယ်တိုင်ကော ၊ ပတ်ဝန်းကျင်ကပါ နားလည်လက်ခံဖို့ လိုပါတယ်၊ ဒီလိုလက်ခံမှသာ အကြမ်းဖက်မှုတွေ တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
ကျူးလွန်ခံရသူရဲ့ အပြစ်မဟုတ်ပါ
ကျူးလွန်ခံရသူရဲ့ အပြစ်ကြောင့် ဒီလိုအကြမ်းဖက်မှုတွေ ကျူးလွန်ရပါတယ်လို့ ဘယ်လိုပဲ ဆင်ခြေပေးပါစေ၊ ပတ်ဝန်းကျင်ကရော ကျူးလွန်ခံရသူကပါ ဒါကို လက်မခံဖို့ လိုပါတယ်။ ကျူးလွန်ခံရသူကြောင့် ဖြစ်ရတယ်ဆိုတဲ့ ဝေဖန်မှုမျိုးကိုလည်း ပတ်ဝန်းကျင်က လုံးဝပြစ်တင်ဝေဖန်တာမျိုး မပြုလုပ်ဘဲ ကျူးလွန်ခံရသူကို ဖေးမနှစ်သိမ့်ပေးဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်မှုမှ လွတ်မြောက်လာနိုင်သူတွေကို ချီးကျူးပေးပါ
ဒီလိုမျိုး အကြမ်းဖက်မှုတွေကနေ တစ်နည်းနည်းနဲ့ လွတ်မြောက်လာတဲ့သူတွေကိုလည်း အကြမ်းဖက်ခံရမှုအတွက် ဝေဖန်ကဲ့ရဲ့တာမျိုးမလုပ်ဘဲ အသိအမှတ်ပြုချီးကျူးပေးပါ။ သူတို့အတွက် လိုအပ်တဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေပေးပါ။
အကြမ်းဖက်မှုကိစ္စရပ်တွေဟာ ပုံစံမျိုးစုံနဲ့ လာနိုင်ပြီး အထူးသဖြင့်တော့ ကျားမခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု၊ လိင်စိတ်ကွဲပြားမှုကို လက်မခံနိုင်မှု စတဲ့ သဘောထားများကို အခြေခံပြီး ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ နားလည်သိရှိထားပေးပါ၊
နောက်ဆုံးအရေးအကြီးအချက်အနေနဲ့ နစ်နာသူတွေကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကူညီအားပေးဖို့ အရေးကြီးပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ဘယ်လို ကူညီထောက်ပံ့ရမလဲဆိုတာတွေကို သိဖို့နဲ့ ခုလိုမျိုး အသိတရားတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ တဆင့်ပြန်လည်မျှဝေပေးခြင်းအားဖြင့် မှန်ကန်ပြီးကောင်းမွန်တဲ့လူအဖွဲ့အစည်းကြီးတစ်ရပ်ကို အတူတကွတည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးနယ်ပယ်က Lay-Counselor တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းသူရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။