အကြမ်းဖက်ခံရသူတွေဟာ ပတ်ဝန်းကျင်မှာ အပြစ်တင်ဝေဖန်ခံရတာမျိုးတွေ ၊ မိအေးနှစ်ခါနာ ဖြစ်ရပ်တွေဟာ အမြဲလိုလိုဖြစ်နေကြတာကို မြင်တွေ့ရပါတယ်။ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ ၊ စေတနာနဲ့ဖြစ်စေ လူတွေဟာ အကြမ်းဖက်သူတွေကို ဝေဖန်ပြစ်တင်ရမယ့်အစား အကြမ်းဖက်ခံရသူတွေကိုသာ ထပ်တလဲလဲ ဝေဖန်ပြစ်တင်တာမျိုးတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါဟာ လုံးဝမလုပ်သင့်တဲ့ အရာပါပဲ။
Victim Blaming ဆိုတာ
အကြမ်းဖက်မှုအမျိုးမျိုးဖြစ်ကြတဲ့
- အိမ်တွင်းအကြမ်းဖက်မှုတွေ၊
- ကျားမအခြေပြုအကြမ်းဖက်မှုတွေ ၊
- လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်မှုတွေ စတဲ့ ဒီလိုအကြမ်းဖက်မှုကိစ္စအရပ်ရပ်တွေမှာ ကျူးလွန်တဲ့သူကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ခံရစေဖို့ ဖိအားပေးရမယ့်အစား ကျူးလွန်ခံရသူရဲ့အပြစ်လို့ စွပ်စွဲပြောဆိုခြင်းကို Victim Blaming လို့ခေါ်ပါတယ်။
အကြမ်းဖက်မှုခံရသူတွေ လိုအပ်နေတာက
ဒီလို Victim Blaming ကိစ္စတွေဟာ နစ်နာသူကို ပိုနစ်နာစေပြီး ကျူးလွန်သူတွေကို ကာကွယ်ပေးတတ်တာကြောင့် လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်တွေလို့ ပြောရင်လည်းမမှားပါဘူး။ တကယ်တမ်းမှာ အကြမ်းဖက်ခံရသူတွေက သူတို့ရဲ့အခြေအနေပေါ်ကိုယ်ချင်းစာပြီး သူတို့ဘက်ရပ်တည်ကာ တရားမျှတမှုကို ပြန်ရယူဖို့ လိုအပ်တဲ့ အကူအညီ၊ အထောက်အပံ့ပေးမယ့် အသိုင်းအဝိုင်းတစ်ခုကို လို အပ်တာဖြစ်ပါတယ်။
အကြမ်းဖက်ခံရသူတွေကို ဝေဖန်ပြစ်တင်တာမျိုးမလုပ်သင့်
ဥပမာအနေနဲ့ဆိုရင် အိမ်ထောင်တစ်ခုအတွင်းမှာ အမျိုးသမီးက သူ့ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ညဘက်အပြင်ထွက်တာကို သူ့အမျိုးသားကမကြိုက်လို့ ရိုက်နှက်ပြီလို့ ဆိုကြပါစို့။ ဒီလိုအခြေအနေကို သူ့ရဲ့ အမျိုးသမီးက သူမတရားခံရတဲ့အကြောင်းကို ထုတ်ဖော်ဖွင့်ဟပြောဆိုတဲ့အခါမှာ Social Media မှာဖြစ်စေ ၊ ပတ်ဝန်းကျင်မှာဖြစ်စေ "နင်က အိမ်ထောင်သည်မိန်းမဖြစ်လျက်နဲ့ ညဘက်အပြင်ထွက်တာကိုး။ ခုလို အရိုက်ခံရတာတောင် နည်းတောင်နည်းသေးတယ်။" စသဖြင့် ခုလိုမျိုး မှတ်ချက်ပြုတဲ့စကားတွေ အားလုံးဟာ Victim Blaming စကားတွေဖြစ်ပါတယ်။ ကျိုးကြောင်းဆီလျော်မှုမရှိဘဲနဲ့ တရားမျှတမှုမရှိတဲ့စကားတွေ ဖြစ်ပါတယ်။
အကြမ်းဖက်ခံရသူတွေကို ဝေဖန်ပြစ်တင်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်
ပတ်ဝန်းကျင်မှာ ၊ Social Media တွေမှာ၊ ဒီလိုမျိုး Victim Blaming ကိစ္စရပ်တွေများလာတာနဲ့အမျှ ကျူးလွန်ခံရတွေဟာ သူတို့ကြုံတွေ့ခံစားခဲ့ရတဲ့မတရားမှုတွေကို ထုတ်ဖော်ဖွင့်ဟပြောဆိုဖို့အတွက် မပြောရဲလောက်တဲ့အထိကို ဖြစ်စေတတ်ပါတယ်။
ပတ်ဝန်းကျင်ရဲ့ တလွဲစွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရသူတွေဟာ ဒီလိုမျိုး ကျူးလွန်ခံရတာ သူတို့အပြစ်ကြောင့်လို့ယူဆသွားပြီးတော့ တကယ့်အဖြစ်မှန်တွေကို ထုတ်ဖော် ဖွင့်ဟပြောဆိုဖို့၊ အကူအညီတောင်းခံဖို့ ရှက်ရွံ့တာ၊ မဝံ့မရဲဖြစ်တာမျိုး ဖြစ်ဖြစ်ကုန်ကြပါတယ်။ ဒီအခါမှာ အကြမ်းဖက်မှုကို ကျူးလွန်သူတွေက ပိုပြီးရဲတင်းစွာ ကျူးလွန်လာကြပါတော့တယ်။
အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပါပဲ
အများအားဖြင့် အကြမ်းဖက်မှုကို ပြုလုပ်ကျူးလွန်သူတွေက သူတို့မကြိုက် မနှစ်သက်တဲ့ အကြောင်းအရာတစ်ခုကြောင့် ဒီလိုမျိုး အကြမ်းဖက်မှုကိုကျူးလွန်ရတယ်၊ ကျူးလွန်သင့်တယ် ဆိုပြီးတော့ အကြောင်းပြချက်ပေးလေ့ရှိပါတယ်။ အမှန်တကယ်မှာတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ နေရာက စဥ်းစားမယ်ဆိုရင်လည်း သူတို့ ဒီလိုမျိုး အကြမ်းဖက်မှုကို ပြုလုပ်ကျူးလွန်ရမယ့်အစား သဘောထားမတိုက်ဆိုင်နေတဲ့ အခြေအနေတစ်ခုကို ကြုံကြိုက်လာရရင် (ဒါမှမဟုတ် ) မကြိုက်မနှစ်သက်တဲ့ အခြေအနေတစ်ခု ကို တစ်ဖက် က ပြုမူလာခဲ့ရင် အကြမ်းဖက်မှုမဟုတ်တဲ့ တခြားသော ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ ကိုယ်မကြိုက်မနှစ်သက်ကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုတာ ၊ ရှောင်ထွက်သွားတာ၊ နောက်ဆုံး ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်တဲ့သူနဲ့ လမ်းခွဲတဲ့အထိ ရွေးချယ်လုပ်ကိုင်လို့ရပေမယ့် အကြမ်းဖက်မှုကို ရွေးချယ်တယ်ဆိုတာကတော့ ဒါဟာ ကျူးလွန်သူရဲ့ ရွေးချယ်မှုဖြစ်သွားပါပြီ။ ကျူးလွန်ခံရသူရဲ့ အပြစ် မဟုတ်ပါဘူး။
အမှန်တကယ်မှာဆိုရင်တော့ အကြမ်းဖက်မှုတွေဟာ ကျူးလွန်တဲ့သူတွေရဲ့ ကိုယ်ပိုင် ရွေးချယ်မှုသာဖြစ်ပြီး ကျူးလွန်ခံရသူရဲ့လှုံ့ဆော်မှုကြောင့် ၊ အပြစ်ကြောင့် မဟုတ်ဘူးဆိုတာ လူတိုင်းသိထားသင့်ပါတယ်။
ဒီလို Victim Blaming အလေ့အထကြီးကို ဆက်လုပ်ဆောင်နေသ၍ တန်းတူညီမျှမှုမရှိတဲ့ ရှေးရိုးစွဲ အယူအဆတွေ၊ Gender ပိုင်းအရဖိနှိပ်မှုတွေ၊ လူလူချင်းခွဲခြားနှိမ်ချဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေကို အမြစ်ဖြတ်ဖို့ ဆက်လက်ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ စိတ်ကျန်းမာရေးနယ်ပယ်က Lay-Counselor တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းသူရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။