မိုးအေးအေးမှာအကြော်စုံပူပူလေးကို အရသာရှိရှိစားသုံးချင်သူတွေအတွက် အကြာ်အမျိုးအစားစုံလင်ပြီး အရသာကောင်းမွန်တဲ့ အကြော်စုံဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တာမွေမြို့နယ် အဝေရာလမ်းထိပ်က သက်သက်လွတ်အကြော်ဆိုင်လေးဆိုရင် မေတ္တာညွန့်ရပ်ကွက်နဲ့ တာမွေမြို့နယ်အတွင်းက စားသုံးသူတွေ မသိသူမရှိသလောက် လို့ဆိုရမယ့် ဆိုင်လေးပါ။
သတ်သတ်လွတ်အကြော်ဆိုင်လေးအဖြစ် ဖွင့်ဖြစ်ခဲ့ပုံ
လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက သတ်သတ်လွတ်စားသုံးသူတွေ အဆင်ပြေပြေစားသုံးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ဖြစ်ခဲ့တာက ဒီဆိုင်လေးရဲ့ ထူးခြားချက်ပါ။
“ငယ်ငယ်က အခုလိုအကြော်ဆိုင်မှာ အလုပ်လုပ်ခဲ့တာ။ အဲ့ကနေပညာသင်ရင်း တစ်ချိန်ကျရင်တော့ ဒီလိုဆိုင်လေးဖွင့်မယ်ဆိုပြီး စိတ်ကူးခဲ့တာ။ ကိုယ်တိုင်ကလည်း ဝါတွင်းဆို သတ်သတ်လွတ်စားတတ်တော့ အကြော်စရောင်းမယ်ဆိုထဲက သတ်သတ်လွတ်သမားတွေအဆင်ပြေဖို့ စဉ်းစားပြီး အခုလိုရောင်းဖြစ်တာပါ။ အချည်ရည်ကအစ သတ်သတ်လွတ်ပါ” လို့ အကြော်ဆိုင်ပိုင်ရှင် ကိုရွှေလင်းကပြောပါတယ်။
အေးသွားချိန်မှာတောင် ကြွပ်ကြွပ်ရွရွနဲ့ စားကောင်းနေတဲ့ အကြော်စုံ
ဒီဆိုင်လေးမှာ ရောင်းတဲ့ သတ်သတ်လွတ်အကြော်စုံလေးတွေဟာ အေးသွားချိန်မှာတောင် ကြွပ်ကြွပ်ရွရွနဲ့ စားကောင်းနေတာကြောင့် (၁၀) နှစ်တိုင် ဖောက်သည်တွေ အမြဲမပြတ်တဲ့ ဆိုင်လေးပါ။ မုန့်ရဲ့ အရသာနဲ့အရည်အသွေး မပြောင်းလဲတာက အကြော်မုန့်နှစ်အတွက် ဆန်စိမ်ကတည်းက ဂရုတစိုက်လုပ်တာကြောင့်လို့ ဆိုပါတယ်။
“ မိုးအေးရင် မိုးအေးတဲ့ အတိုင်းအတာအရ ဆန်စိမ်တာကိုပြောင်းရတယ်။နေပူရင်လဲ ပူတဲ့အတိုင်းအတာအရ ဆန်စိမ်တာကို ပြောင်းရတယ်။ မုန့်နှစ်စပ်တဲ့အခါမှာ ဆန်နဲ့ကောက်ညှင်းကိုအချိုးညီညီစပ်မှ ပျော့လွန်းတာ မာလွန်းတာတွေမဖြစ်ဘဲ မုန့်ကအမြဲကြွပ်ကြွပ်ရွရွလေးဖြစ်တာပါ’’လို့ ကိုရွှေလင်းကပြောပါတယ်။
မိသားစုကိုအဆင်ပြေအောင် ထားနိုင်တဲ့အကြော်စုံ လုပ်ငန်းလေး
ဒီဆိုင်လေးကရတဲ့၀င်ငွေနဲ့ လက်ရှိနေထိုင်နေတဲ့တိုက်ခန်းလေးကို ဝယ်ယူနိုင်သလို မိဘနဲ့မောင်နှမတွေကိုလည်း အဆင်ပြေပြေနဲ့ကြည့်ရှုနိုင်တယ်လို့ ပီတိဖြစ်ဖွယ်ပြောပါတယ်။ အကြော်စုံက တစ်ရက်ကို (၂) သိန်းဖိုးလောက်အထိ ရောင်းရပြီး ဒီဝင်ငွေလေးနဲ့ မိဘတွေဖြစ်ချင်တာတွေ လုပ်ပေးနိုင်ခဲ့သလို ညီမဖြစ်သူတွေ ကိုလည်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ကိုရွှေလင်းက ဆိုပါတယ်။
“ ဆိုင်လေးကအားပေးတဲ့ဖောက်သည်တွေကြောင့် ပုံမှန်လေးရောင်းနေရတော့အဆင်ပြေတယ်။ အခုနေတဲ့တိုက်ခန်းဆိုလည်း ဒီအလုပ်ကရတဲ့၀င်ငွေနဲ့ဝယ်ထားတာပါ။ ရွာမှာရှိတဲ့မိဘတွေကိုလည်း သူတို့ ဖြစ်ချင်တာတွေလုပ်ပေးနိုင်တယ်။ ညီမလေးတွေကိုဆိုရင်လည်း ဂျပန်သွားဖို့ လိုတဲ့ငွေလေးသွင်းပေးထားတယ်”လို့ ကိုရွှေလင်းက ပြောလာပါတယ်။
ဆိုင်လေးမှာရနိုင်တဲ့ အကြော်စုံအမျိုးအစားနဲ့စျေးနှုန်း
ဆိုင်စတင်ဖွင့်လှစ်စဉ်တုန်းက အကြော်အသေးလေးတွေဖြစ်တဲ့ဘူးသီး၊တို့ဟူး၊ ဗယာကြော်၊ အာလူးကတ်သလိတ်၊ ပြောင်းဖူးကော်ပြန့်၊ ရိုးရိုးကော်ပြန့်နဲ့ စမူဆာကြော်တို့ကို (၁၀၀)ဖိုး(၇)ခု၊ မန္တလေးပဲကြော်၊ ပဲကတ်ကြော်၊ ကြက်သွန်ကြော်၊မြင်းခွာရွက်၊ပုဇွန်စာရွက်၊ဆူးပုတ်ရွက်ကြော်တွေကိုတော့ တစ်ခု(၅၀)နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုန်စျေးနှုန်းနဲ့ စားသုံးဆီစျေးနှုန်းတွေတတ်လာတာကြောင့် အကြော်အသေးလေးတွေကို ၂၀၀ဖိုး(၃)ခု ၊ အကြော်အကြီးတွေကိုတော့ တစ်ခု(၂၀၀)၊ ငှက်ပျောကော်ပြန့်ကြော်ကတော့ တစ်ခု(၃၀၀)နဲ့ ရောင်းချနေ တာဖြစ်ပါတယ်။ ဒီလိုကုန်စျေးနှုန်းကြောင့် စျေးပြင်လိုက်ရပေမယ့် စားသုံးသူတွေကတော့ ပုံမှန်အတိုင်း ဝယ်ယူအားပေးဆဲပဲ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်နဲ့တည်နေရာ
ကိုရွှေလင်းရဲ့ သတ်သတ်လွတ်အကြော်ဆိုင်လေးကိုတော့ အရင်က အဝေရာလမ်းထိပ်မှာဖွင့်လှစ်ခဲ့ပေမယ့် နေရာဟောင်းလေးမှာ ရောင်းချဖို့အဆင်မပြေတာကြောင့် အခုတော့ မေတ္တာညွှန့်ရပ်ကွက် ရာဇသင်္ကြန်လမ်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လယ် (၁)နာရီကနေ ညနေ(၆)နာရီအထိဖြစ်ကာ တာမွေမြို့နယ် အတွင်းဆိုရင် အခမဲပို့ဆောင်ပေးပြီး ဖုန်းနံပါတ် 09881767046 ကိုလည်း ဆက်သွယ်မှာယူလို့ရပါတယ်။