အကယ်ဒမီမတိုင်ခင် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိထားတဲ့ ရွှေကြိုမောင်မယ်တွေရဲ့ စာရင်းက ပေါ်ထွက်လို့လာပါပြီ။ ဒီနှစ်မှာ ပါဝင်တဲ့ရွှေကြိုမောင်မယ်လေးတွေက ပရိသတ်တွေရဲ့ ဝန်းရံခြင်းကို ခံရတဲ့ မျိုးဆက်သစ် အနုပညာရှင်လေးတွေလည်း ဖြစ်ပါတယ်။
၂၀၁၈ခုနှစ်အတွက် ပြုလုပ်မယ့် အကယ်ဒမီဆုချီးမြှင့်ခြင်း အခမ်းအနားမှာ မပါမဖြစ် ပါဝင်ရမယ့် အခန်းကဏ္ဍတစ်ခုက ရွှေကြိုမောင်မယ်များရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ထိုအခန်းကဏ္ဍအတွက် နှစ်စဉ်နှစ်တိုင်း အနုပညာရှင်တွေရဲ့ မျိုးဆက်တွေသာမက အနုပညာကို ဝါသနာပါတဲ့ မျိုးဆက်သစ်လူငယ်များထဲက ရွှေကြိုမောင်မယ်များအဖြစ် ရွေးချယ်လေ့ရှိရာ ဒီနှစ်မှာလည်း ရွှေကြိုမောင်မယ်များ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီနှစ်ရဲ့ ရွှေကြိုမောင်မယ်များဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ မျိုးဆက်သစ်လေးတွေဆိုလည်း မမှားပါဘူး။
ရွှေကြိုအတွက် ယောကျ်ားလေး ငါးယောက်၊ မိန်းကလေး ငါးယောက် ရွေးချယ်ခဲ့ပါတယ်။ ရွှေကြိုအတွက် အရွေးခံထားရတဲ့ မျိုးဆက်သစ် အနုပညာရှင်တွေက သရုပ်ဆောင် နေထက်လင်းရဲ့သား ထက်လင်းအောင်၊ နေမင်းရဲ့တူ အုပ်သာကျော်၊ သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလ၊ သရုပ်ဆောင်မင်းသူရဲ့သား မင်းသန့်ကိုကို၊ သရုပ်ဆောင် ကိုကိုဦးရဲ့သား သီဟအောင်တို့က ရွှေကြိုမောင်တွေအဖြစ် ပါဝင်ရမှာ ဖြစ်ပါတယ်။
နောက်ထပ် ရွေးချယ်ခံရတဲ့ ရွှေကြိုမယ်လေးတွေက သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမမေတိုးခိုင်၊ သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့ မြေးဝတ်မှုံသန့်နဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ နန်းရွှေရည်နဲ့ ဆောင်းယွန်းစံတို့ပဲ ဖြစ်ပါတယ်။ သူတို့လေးတွေက လက်ရှိမှာ ပရိသတ်ရဲ့ ဝန်းရံခြင်းကို ရရှိထားသူလေးတွေဆိုလည်း မမှားပါဘူး။
အနုပညာလောကသားတွေသာမက ပြည်သူပြည်သားတွေပါ စောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု (၁၁) ဆုကနေ (၁၃) ဆုကြားမှာ ပေးအပ်သွားမှာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ဒီနေ့(ဇန်နဝါရီ၁၁ရက်) ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။
တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသား စစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ၂၀၁၇ ခုနှစ်မှစပြီး ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။