၂၀၁၈ခုနှစ် တစ်နှစ်လုံး ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၈၃) ကားအနက်မှ ဒုတိယအကြိမ် ထပ်မံကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကား (၂၅) ကားကို ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကားတွေ ပါဝင်နေမလဲ ကြည့်လိုက်ရအောင်နော်။
အကယ်ဒမီ ဆုပေးပွဲမတိုင်ခင် ၂၀၁၈ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကို ရွေးချယ် ကြည့်ရှုခဲ့ရာ ရုပ်ရှင်ဇာတ်ကား (၂၅) ကားထွက်ပေါ်လို့ လာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံး ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၈၃) ကားအနက်မှ ဒုတိယအကြိမ် ထပ်မံကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကား (၂၅) ကားကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ထိုရုပ်ရှင်ဇာတ်ကား (၂၅) ကားကတော့ မိုးပန်းပွင့်တို့ရဲ့သင်္ကေတ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဝိညာဉ်စိမ်း၊ ဒုဠဝတီကိုလွန်၍၊ င့ါကိုနမ်းတဲ့မုန်တိုင်း၊ ငယ်ကျွန်၊ဥပါဒါန်၊ မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ ပြည်ထောင်စုသစ္စာ၊ ဇာတိမြေ၊ မှော်ဝင်သမန်းကျား၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံ၊ ကြတ်ဂူ၊ နောင်တွင်ဥဒါန်း တွင်စေသတည်း၊ ငဒူ၊ မျက်နှာပြင်များ၊ မီ၊ တိမ်တိုက်တံတား၊ ရန်သူ၊ သတို့သမီး၊ ကိုယ်စောင့်နတ် စတဲ့ ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား (၂၅) ကားတွေဟာ ဒုတိယအဆင့် ထပ်မံ ကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အကယ်ဒမီဆုပေးပွဲကြီးတွင် ပေးအပ်မယ့် ဆုများအတွက် ထပ်မံ ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးကော်မတီကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် လေးဆယ်ဦး ပါဝင်ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုလျက်ရှိပါတယ်။
အနုပညာလောကသားတွေသာမက ပြည်သူပြည်သားတွေပါ စောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု (၁၁) ဆုကနေ (၁၃) ဆုကြားမှာ ပေးအပ်သွားမှာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ဒီနေ့(ဇန်နဝါရီ၁၁ရက်) ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။
တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသား စစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ၂၀၁၇ ခုနှစ်မှစပြီး ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။