မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

လွင်မိုးက မတ်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ ရှက်စရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အကယ်ဒမီ လွင်မိုးကတော့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအပေါ် သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။



‘’ "တစ်ခွန်းတည်းပြောမယ်" ၂၀၁၈..အကယ်ဒမီ ရှက်စရာ အလွန်ကောင်းသည်’’ ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၂၁ မိနစ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကလည်း လွင်မိုးရဲ့ စကားကို Comment ကနေတဆင့် ထောက်ခံ ပြောဆိုခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့ညက The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးပွဲ နဲ့ ပတ်သက်ပြီးတော့လည်း ဆုမပေးခင်အချိန်မှာ ဆုရသူ စာရင်းအတိအကျကလည်း ပရိသတ်တွေနဲ့ အနုပညာရှင်တွေကြားမှာ ပြန်နေ့ခဲ့တာကို တွေ့ရပါတယ်။ ဒီစာရင်း ပြန့်ပြီးတဲ့နောက်မှာလည်း ရုပ်ရှင်အသိုင်းအဝိုင်းမှာသာမက၊ ပရိသတ်တွေကလည်း ကျေနပ်နှစ်သက်မှု မရှိတာကို တွေ့ရပါတယ်။

ဒီအတွက် ဒါရိုက်တာ မောင်မျိုးမင်း ရင်တွင်းဖြစ်ကလည်း အကယ်ဒမီပေးပွဲအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို Duwun Media ကနေ ပွင့်ပွင့်လင်းလင်း ပြောပြထားပါသေးတယ်။

''ဆုပေးစနစ်ရဲ့ ဆိုးရွားဆုံးကတော့ သတင်းတွေ ကြိုပေါက်နေတာပဲ။ ကြိုပေါက်နေတဲ့အတိုင်း အကုန်လုံး အသေးစိတ်ကိုဖြစ်တာ။ အဲဒီဆုက အတိအကျကြီးလိုပဲ ဖြစ်လာတာ။ ဒါကြီးက မဖြစ်သင့်ဘူး။ နောက်ဆုံး အိတ်ပိတ်တာက ဘယ်နှယောက် ကိုင်သလဲ။ အဲဒါလေးတွေ သိဖို့၊ စိစစ်ဖို့ လိုတယ်။ တချို့ လာပြောတဲ့ စကားလုံးတိုင်းကလည်း အံ့သြစွာနဲ့ အတိအကျကို ပြောတာ။ ဦးမျိုးကိုယ်တိုင်က ဇာတ်ကား မှန်းမထားဘူး။ ကာယကံရှင်တွေလည်း မှန်းမထားဘူး။ ဒါပေမယ့် ရသွားခဲ့တယ်၊ တချို့အရာတွေလည်း မှန်းထားပြီး မရဘူးပေါ့နော်။ အဲဒါက ဘယ်လိုဖြစ်လို့ ချိုးဖောက်နေသလဲ၊ အကယ်ဒမီရဲ့ အရသာက ပျောက်နေတယ်။ ဒါရှင်းရှင်းလေးပဲ လူကြီးထဲမှာ သစ္စာဖောက်ရှိနေတာပေါ့။ ဒီတော့ အကယ်ဒမီ ဘုတ်အဖွဲ့မှာ ဘယ်သူတွေ တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့သူတွေကို စစ်ဆေးသင့်တယ်။ ပြောသင့်တယ်'’ လို့ သူကဆိုပါတယ်။

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က