Photo: Hein Min Fb
ဇာတ်ပို့သရုပ်ဆောင်ဟိန်းမင်းတစ်ယောက် အကယ်ဒမီနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ သိပ်မရှိတော့ဘူးလို့ ပြောလာပါတယ်။ မျှမျှတတ မရှိတဲ့ အကယ်ဒမီကိုလည်း မမှန်းတော့ဘူးလို့ ဆိုပါတယ်။ ဇာတ်ပို့ဇာတ်ရံတွေ ဘယ်လောက်ကြိုးစားပါစေ ညီညီမျှမျှ မရှိတဲ့ အကယ်ဒမီကိုတော့ စိတ်ကူးထဲမထားတော့ဘူးဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' အကယ်ဒမီကတော့ ကျွန်တော့်စိတ်ထဲမှာ သိပ်မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ မမျှမှ မမျှတတာ။ အကယ်ဒမီကို မမှန်းတော့ဘူး။ မှန်းစရာအကြောင်းလဲမရှိတော့ဘူး။ ကျွန်တော်တို့ ဇာတ်ပို့ဇာတ်ရံတွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဒီအကယ်ဒမီဆိုတာ မျှမှ မမျှတ တာ ညီမှမညီမျှတာ အဲ့ဒီတော့ ပရိသတ် အားပေးတဲ့ ဆုကိုပဲယူမယ်။ အကယ်ဒမီကိုတော့ စိတ်ထဲမှာ စိတ်မကူးတော့ဘူး'' လို့ ဆိုပါတယ်။
Photo: Hein Min Fb
ဇာတ်ရံဆု တက်လာမှသာ မျှော်မှန်းလို့ရမယ်ဆိုတဲ့ ဟိန်းမင်းရဲ့ ခံစားချက်
ဇာတ်ပို့၊ ဇာတ်ဆောင် ခွဲခြားထားပေမယ့် အကယ်ဒမီဆုကိုလည်း ခွဲခြားထားရမယ်လေလို့ ဦးဟိန်းမင်းက ရင်ဖွင့်ပြောပြလာပါတယ်။
'' သူတို့ကိုယ်တိုင်က ဇာတ်ပို့နဲ့ ဇာတ်ဆောင်ဆိုပြီးတော့ ခွဲခြားထားတာလေ။ ခွဲခြားထားပြီး ပေးတဲ့အခါမှာ ဆုဆိုတာကတော့ ဇာတ်ပို့က ဇာတ်ပို့၊ ဇာတ်ဆောင်က ဇာတ်ဆောင် ခွဲခြားထားရမယ်လေ။ ဇာတ်ဆောင်ကတော့ ဘာပဲဖြစ်ဖြစ် သူတို့ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် သူတို့ သိထားဖို့က ဇာတ်ပို့နဲ့ ဇာတ်ဆောင်နဲ့ကို တစ်သီးတခြား သိဖို့တော့လိုတာပေါ့'' လို့ သူကဆိုပါတယ်။
Photo: Hein Min Fb
ဇာတ်ပို့ ဇာတ်ရံတွေအနေနဲ့ ဇာတ်ကားကောင်းကောင်း၊ ကာရိုက်တာကောင်းကောင်းရိုက်ရဖို့ဆိုတာ ဆယ်နှစ်နေလို့မှ တစ်ကားရိုက်ချင်မှ ရိုက်ရတာ လို့ ဆိုပါတယ်။
'' ရုပ်ရှင်အစည်းအရုံးမှာကအစ အလွှာတွေ အသီးသီးခွဲထားကြတာလေ။ ဇာတ်ပို့ရယ်၊ ဇာတ်ရံရယ်၊ ဇာတ်ဆောင်ရယ်၊ စက်မှုအပိုင်းရယ် အကုန်ခွဲခြားထားတာလေ။ အခု အဲ့ဒီခွဲခြားမှုတွေက အရာမထင်ဘူးဖြစ်တာပေါ့။ အစ်ကိုတို့ ဇာတ်ပို့ ဇာတ်ရံတွေက အမြဲတမ်းနစ်နာတယ်။ ဇာတ်ပို့ ဇာတ်ရံတွေဆိုတာက ဒီလိုနေရာမျိုးကို တစ်နှစ်နေလို့မှ တစ်ကားရိုက်ချင်မှ ရိုက်ရမှာ။ ၁၀နှစ်နေမှ တစ်ကား ရချင်မှ ရမှာ။ အဲ့ဒီတော့ ဦးဟိန်းမင်းတို့ ဇာတ်ပို့ ဇာတ်ရံတွေအတွက်ကတော့ အကယ်ဒမီနဲ့ ပတ်သက်လို့ မျှော်လင့်ချက်ကတော့ မထားတော့ဘူး။အဲ့ဒါကြောင့် ပရိသတ်ပေးတဲ့ ဆုရယ်၊ ပရိသတ်အားပေးမှုရယ်ကို ရလည်း ရပြီးပြီ ယူလည်း ယူပြီးပြီ။ အဲ့ဒါကိုပဲ သဘောကျတယ်'' ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။
သရုပ်ဆောင်ဟိန်းမင်းကိုတော့ ပရိသတ်တွေက ကျွန်ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာနဲ့ အကောင်းဆုံးဇာတ်ပို့ ဆုရှင်တစ်ယောက် အဖြစ်မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ထပ်တူမကျခဲ့တာကြောင့် စိတ်မကောင်းဖြစ်ကြရပါတယ်။ ဟိန်းမင်း အနေနဲ့ စိတ်ဓာတ်လျှော့ကျသွားမှာမဟုတ်ပဲ အနုပညာအလုပ်ကို ထပ်မံကြိုးစားသွားမယ်လို့ ဆိုပါတယ်။