အကယ်ဒမီထွန်းထွန်းတစ်ယောက် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုချီးမြှင့်ပွဲ စင်မြင့်ထက်မှာ နှင်းဆီအဖွဲ့သား ညီအစ်ကိုတွေကို မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်အတွက်ကတော့ ရင်ခုန်သံက ငြိမ်သက်နေတုန်းပါပဲတဲ့။
Photo: Tun Tun
ထွန်းထွန်းက ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲရဲ့ စင်မြင့်ထက်မှာ နှင်းဆီညီအစ်ကိုတွေကို တွေ့ရဖို့မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ဒီ့အတွက်လည်း စိတ်လှုပ်ရှားနေတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။
‘’ ဒီနှစ်အတွက် အကယ်ဒမီရင်ခုန်သံကတော့ ကျွန်တော့်ထက် နှင်းဆီညီအစ်ကိုတွေအတွက် ပိုပြီးတော့ စိတ်လှုပ်ရှားနေမိတယ်လို့ ပြောလို့ရပါတယ်။ စင်ပေါ်မှာ နှင်းဆီညီအစ်ကိုတွေ ပူးတွဲတွေ့ရမလားဆိုတာတော့ မျှော်လင့်မိပါတယ်။ နောက်ထပ် ကောင်းတဲ့ကားတွေကလည်း အရမ်းကောင်းတော့ တကယ်ကို ထူးချွန်တဲ့သူတွေပဲ ဆွတ်ခူးသွားမယ်လို့ ယုံကြည်ပါတယ်’’ လို့ ဆိုပါတယ်။
Photo: Tun Tun
အဲဒီနောက် ‘’မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေ အကယ်ဒမီရစေချင်နေတဲ့ မင်းသွေး အတွက်ကိုလည်း စိတ်မကောင်းဖြစ်နေမိတယ်လို့ ထွန်းထွန်းက ပြောပါတယ်။
‘’ သူဆုံးသွားတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်တာတော့ အရမ်းပါပဲ။ ကျန်တာကတော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ကြိုးစားတဲ့သူကတော့ ကြိုးစားတဲ့အသီးအပွင့်ကို ခံစားရမှာပါ။ ရစေချင်တယ် မရစေချင်ဘူးဆိုတဲ့ အတ္တနဲ့ပြောရရင်တော့ ကိုယ့်လူတွေကို ရစေချင်တာပေါ့နော်’’ လို့ Cookie TV မိတ်ဆက်ပွဲကို တက်ရောက်လာရင်း ဖြေဆိုပေးခဲ့တာပါ။
Photo: Tun Tun
ထွန်းထွန်းက ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီရင်ခုန်သံကတော့ အရမ်းကိုငြိမ်သက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျဖို့ အကောင်းဆုံးကြိုးစားပြင်ဆင်နေတဲ့အကြောင်း သူကပြောပါတယ်။
‘’ ဒီနှစ်ကတော့ ကျွန်တော်က အင်မတန်ငြိမ်သက်ပါတယ်။ နောက်နှစ် နောက်နှစ်တွေမှာပဲ ရင်ခုန်စိတ်လှုပ်ရှားနိုင်အောင် ကြိုးစားသွားပါ့မယ်။ ဇာတ်ကားရိုက်တဲ့ အခါမှာလည်း အမှားတွေ နည်းအောင် ကြိုးစားနေပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Tun Tun
ထွန်းထွန်းဟာ အနုပညာလောကထဲကို Examplez အဆိုတော်အဖွဲ့ဝင် ထွန်းထွန်း အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ အဲဒီနောက် သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားရင်း အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ထွန်းထွန်းဟာ ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
Share