ဘာစီလိုနာနဲ့ပတ်သက်လို့ ပီရက်ဇ်ကပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဥက္ကဌကြီး ဖလော်ရန်တီနိုပီရက်ဇ်က ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာအနေနဲ့ ဒီအခြေအနေဆိုးတွေကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ ကစားသမားသစ်တွေ မှတ်ပုံတင်ခွင့်မရတဲ့အပေါ်မှာလည်း ပီရက်ဇ်က လာလီဂါကို ရိသဲ့သဲ့ပြောကြားခဲ့ပါတယ်။



လာလီဂါရာသီအဖွင့်ပွဲကို ဒီကနေ့ညမှာ စတင်ကစားတော့မှာဖြစ်ပြီး ဘာစီလိုနာကလည်း မနက်ဖြန်ညမှာ ဗယ်လက်ကာနိုကို အိမ်ကွင်းနူးကမ့်မှာ ဧည့်ခံကစားရမှာပါ။ ဒါပေမယ့် လက်ရှိအချိန်ထိ ဘာစီလိုနာတို့ ကစားသမားသစ်တွေကို မှတ်ပုံမတင်နိုင်သေးဘဲ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ပီရက်ဇ်ကတော့ “ဘာစီလိုနာက ဒီအခြေအနေတွေကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ”

“ဘဝမှာ ကောင်းမွန်တဲ့၊ ဆိုးရွားတဲ့ စီးပွားရေးအခြေအနေဆိုတာရှိပါတယ်။ ဘာစီလိုနာက ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းတွေထဲက တသင်းပါ။ သူတို့အခုချိန်မှာ ခက်ခဲနေပေမယ့် ဒါကို ကျော်လွှားနိုင်ပါလိမ့်မယ်။ စပိန်ဘောလုံးလောကရဲ့ ကောင်းကျိုးအတွက်လည်း ဒီလိုဖြစ်ဖို့ ဆုတောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမားသစ်တွေ မှတ်ပုံတင်ခွင့်မရသေးတဲ့အပေါ် ပီရက်ဇ်က “လာလီဂါအနေနဲ့ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာဖြစ်သင့်ပါတယ်”

“ပြီးရင်တော့ ဘယ်သူ့ကိုခေါ်သင့်တယ်၊ မခေါ်သင့်ဘူး သူတို့ပဲပြောပေါ့။ ဘာစီလိုနာက ထိပ်တန်းအသင်းတသင်းပါ။ ကျနော့်အမြင်ကိုပြောရရင် ကျနော်တို့နှစ်သင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးနှစ်သင်းဖြစ်ပြီး ကျနော်တို့ အယ်လ်ကလက်စီကိုပွဲကစားရင် လူပေါင်း သန်း (၆၀၀) လောက်က စောင့်ကြည့်ကြတာလေ” လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့အပေါ်မှာလည်း ပီရက်ဇ်က “ဆိုးရွားတဲ့အခြေအနေတွေနဲ့ ကြုံတွေ့လာရတဲ့အခါ လုပ်စရာရှိတာတွေကိုတော့ လုပ်ရပါလိမ့်မယ်။ လာပေါ်တာ အသင်းကိုရောက်လာတာက အခုမှ တနှစ်ကျော်ပဲရှိပါသေးတယ်။ အခုကိစ္စတွေက တညတည်းနဲ့ဖြေရှင်းလို့မရပါဘူး။ ခင်ဗျားတို့ စိတ်ရှည်ရှည်ထားပြီး ထိပ်တန်းအဆင့် အယ်လ်ကလက်စီကိုပွဲကို စောင့်ကြည့်ပါ။ ကျနော်နဲ့ လာပေါ်တာ နေ့တိုင်းတော့ စကားမပြောဖြစ်ပေမယ့် စိတ်ပူစရာတွေရှိတဲ့အခါ ပြောဖြစ်ပါတယ်။ နှစ်ယောက်ကြားမှာလည်း ဆက်ဆံရေးကောင်းရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က