ဆယ်ရက်အတွင်း ပေးချေသွားဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နန့်တက်စ်အသင်းကနေ ကာဒစ်ကို အီမီလီယာနိုဆာလာက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်ပွဲမှ မကစားရခင်မှာပဲ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်ကလပ်နန့်တက်စ်အသင်းဟာ တိုက်စစ်မှူး အီမီလီယာနိုဆာလာရဲ့ ပြောင်းရွှေ့ကြေးအတွက် ကာဒစ်အသင်းဆီက တရားဝင်တောင်းဆိုလိုက်ပြီလို့ သိရပါတယ်။ BBC ရဲ့ဖော်ပြချက်အရ ဆာလာအတွက် ရရှိမယ့် ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်းကို နန့်တက်စ်အသင်းက တရားဝင် တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလာဟာ နန့်တက်စ်ကနေ ကာဒစ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းကို ပြောင်းရွှေ့ဖို့အလာမှာ လေယာဉ်နဲ့ပျက်ကျပြီး ကွယ်လွန်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆာလာရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ တွေ့ရှိထားတဲ့ လေယာဉ်အပျက်အစီးအတွင်းမှာ ရုပ်အလောင်းတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။

BBC သတင်းဌာနရဲ့ အဆိုအရ ဆယ်ရက်အတွင်းမှာ ပြောင်းရွှေ့ကြေးပေးချေမှု မပြုပါက တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ နန့်တက်စ်အသင်းက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ကာဒစ်အသင်းကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆာလာအတွက် အမှတ်တရလုပ်ရပ်တွေ ပြုလုပ်ပေးခဲ့ပြီး ဆာလာအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ကာဒစ်ကို ပြောင်းရွှေ့ဖို့ သဘောတူလက်မှတ်ရေးထိုးအပြီး ပြင်သစ်ကို ပြန်သွားခဲ့ကာ ပြင်သစ်ကနေ ပြန်အလာမှာ အခုလိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်ကနေ ဝေးလ်ကို ပြန်အလာ အင်္ဂလိပ်ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ရက်အနည်းငယ်ကြာမှ လေယာဉ်အပိုင်းအစတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့မှာ ဘော်ဒိုးအသင်းကလည်း ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်းကို ရရှိမှာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဘော်ဒိုးက ဆာလာအတွက် သူတို့အသင်းရရှိမယ့် ပြောင်းရွှေ့ကြေးကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဘော်ဒိုးက ချက်ချင်းဆိုသလို ငြင်းဆန်သွားခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ နန့်တက်စ်ကအသင်းက တရားဝင်တောင်းခံလိုက်ပြီလည်း ဖြစ်ပါတယ်။

Share

က္က