သူ ပြောခဲ့သလိုပဲ ဖြစ်လာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲက လာလီဂါအဖွင့်ပွဲက အယ်လ်မီရီယာကို အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ခံလူဒေးဗစ်အလာဘာက အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ၁ ဂိုးစီ သရေကျနေချိန်မှာ အလာဘာက လူစားလဲဝင်ရောက်လာခဲ့ပြီး အဖိုးတန်အနိုင်ဂိုးကို အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီးတော့ ရယူပေးသွားခဲ့တာဖြစ်ပါတယ်။ 

ဖရီးကစ်ကန်သွင်းမယ့်အချိန်မှာ တိုနီခရူးစ်၊ ဘန်ဇီမာတို့လည်း အနားမှာရှိနေခဲ့ပေမယ့် အလာဘာက ကန်သွင်းဖို့ တာဝန်ယူခဲ့တာပါ။ သူ့ရဲ့ တိကျတဲ့ကန်ချက်က အယ်လ်မီရီယာဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ကွက်တိဝင်သွားခဲ့ပြီး အနိုင်ဂိုးလိုအပ်နေတဲ့ ရီးရဲလ်မက်ဒရစ်အတွက် အဖိုးတန်သွင်းဂိုးဖြစ်ခဲ့ပြီး လာလီဂါအဖွင့်ပွဲမှာ အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။ 



အနိုင်ဂိုးရှင်အလာဘာက "ကျနော် လူစားမလဲခင်မှာ ဖရီးကစ်ရခဲ့မယ်ဆိုရင် ကျနော်ကန်သွင်းရမယ်လို့ အန်ဆယ်လော့တီက ကျနော့်ကို ပြောခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော် ဂိုးသွင်းနိုင်လိမ့်မယ်တဲ့၊ ဂိုးလည်းသွင်းပြီးခဲ့ရော၊ သူက 'တွေ့လား၊ ငါမင်းကို ပြောပါတယ်' ဆိုပြီး ထပ်ပြောခဲ့တယ်" လို့ ဖွင့်ဟသွားခဲ့ပါတယ်။ 

အသင်းဖော်ကွင်းလယ်လူဗယ်လ်ဗာဒီကလည်း "ဒေးဗစ်အလာဘာက ဒီကိုရောက်တဲ့အချိန်ကစပြီး ကျနော်တို့အတွက် ခေါင်းဆောင်တဦးလိုဖြစ်နေခဲ့တာပါ" လို့ ချီးကျူးခဲ့ပါတယ်။ အလာဘာကတော့ ဥရောပစူပါဖလားဗိုလ်လုပွဲမှာလည်း ရီးရဲလ်အတွက် တဂိုးသွင်းယူပေးခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ဒီနေ့ပွဲမှာလည်း လူစားဝင်လာပြီး အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဒီနေ့ပွဲမှာ ရီးရဲလ်တို့ ဦးဆောင်ဂိုးပေးခဲ့ရပြီး အနည်းငယ်တော့ ရုန်းကန်ခဲ့ရပါတယ်။ အယ်လ်မီရီယာက အိမ်ကွင်းမှာ အကောင်းဆုံးကစားပြနိုင်ခဲ့လို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှသာ ရီးရဲလ်တို့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က