ကျုံဒိုးမြို့ ကော့လျှမ်းကျေးရွာ ကပြည်သူတွေဆီသွားခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ ရေဘေးဒဏ်ခံစားနေရတဲ့ ကျုံဒိုးမြို့နယ်၊ ကော့လျှမ်းကျေးရွာမှာ လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ကားလမ်းပိတ်တာတွေကြောင့် အခက်အခဲတွေများခဲ့ပါတယ်တဲ့။

Photo: Khine Hnin Wai



ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေဟာ ရေဘေးသင့်ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီလို သွားရောက်လှူဒါန်းတဲ့အခါမှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ဆိုပါတယ်။

‘’ရေဘေးအလှူခရီးစဉ် ကျုံဒိုးမြို့နယ်၊ ကော့လျှမ်းကျေးရွာရွှေ့ပြောင်းအလုပ်သမားများ။ အလှူပစ္စည်းကားကို မနေ့ညနေကတည်းက ရန်ကုန်ကနေလွှတ်ထားပေမယ့် လမ်းအခက်အခဲ,ရေတက်မှု,ကားပိတ်ဆို့မှုကြောင့် ဒီနေ့ နေ့လည်၁နာရီမှရွာကိုပစ္စည်းတွေရောက်ပါတယ်ရှင်။ ကျွန်မလည်းအလှူပစ္စည်းကားကို ဘားအံမှာ စောင့်ပြီး ဘားအံမှ ၁:၃၀မိနစ်ကြာသွားရတဲ့ကျုံဒိုးကိုထွက်လာတာ ကားတွေပိတ်တော့ လှူမယ့်နေရာကိုည၆နာရီထိုးခါနီးမှရောက်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Khine Hnin Wai

အဲဒီနောက် အချိန်မရတဲ့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း အလှူလုပ်ဖို့ရာ အခက်အခဲရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ ခိုင်နှင်းဝေက ရင်ဖွင့်ပြောပြလာပါတယ်။

‘’ပထမစီစဉ်ထားတာကအိမ်တွေအထိစက်လှေနဲ့လိုက်လှူဖို့ပါ။ အချိန်ကအရမ်းနောက်ကျသွားလို့ ရွာခံကူညီပေးတဲ့မောင်လေး ငြိမ်းချမ်းဝင်းကိုပြောပြီး နေရာကျယ်ကျယ်တစ်ခုမှာ လူစုဖို့အကူညီတောင်းလိုက်ရပါတယ်။အချိန်မလောက်ငှလို့အိမ်အထိမလှူလိုက်နိုင်တာစိတ်မကောင်းဖြစ်ရပါတယ်ရှင်။ ရောက်ရောက်ချင်းပဲ လှူစရာရှိတာလှူ,အားပေးစကား ပြောပြီး စက်လှေနဲ့ပြန်လာရပါတယ်။ အခုအဲ့ဒီရွာနားမှာပဲ ကားလမ်းပိတ်နေလို့ ထိုင်စောင့်ရင်းဒီစာကိုရေးနေတာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁၇ ရက်နေ့ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

Photo: Khine Hnin Wai

ခိုင်နှင်းဝေက ကျုံဒိုးမြို့နယ်၊ ကော့လျှမ်းကျေးရွာမှာ လှူခဲ့တဲ့ အလှူပစ္စည်းလေးတွေကိုလည်း သူမက ပြောပြလာပါတယ်။ ပစ္စည်းတန်ဖိုးစုစုပေါင်းအနေနဲ့ လေးဆယ့်တစ်သိန်းသုံးသောင်းလေးထောင် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

‘’ပါဝင်ပြီးလှူဒါန်းပေးသောအလှူရှင်များနဲ့တကွကားဖြင့်လိုက်လံပို့ဆောင်ပေးသောဘားအံမှမိတ်ဆွေများနဲ့အလှူအတွက်အစစအရာရာစီစဉ်ပေးတဲ့မောင်လေးငြိမ်းချမ်းဝင်းတို့ကိုလည်းကျေးဇူးတင်ပါတယ်။ အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ပြည် (၄၅၀၀ကျပ်)၊ ဆီ ၁လီတာ ၂ပုလင်း ( ၂၇၃၀ကျပ်)၊ ငါးသေတ္တာ ၅ (၁၆၀၀ကျပ်)၊ ခေါက်ဆွဲခြောက် ၅ထုပ် ( ၁၂၅၀ကျပ်)၊ ငါးပိကြော် ၂၀သား ၁ထုပ် (၁၀၀၀ကျပ်)၊ ငါးပိထောင်း (၄၀၀ကျပ်) ၅ဗူး၊ စောင်၁ထည် (၁၈၀၀ကျပ်)၊ အဝတ်အစားမိန်းကလေးလစဉ်သုံးပစ္စည်း (၅၀၀ကျပ်)တို့ကို အိမ်ထောင်စု ၃၀၀စာ စုစုပေါင်းတန်ဖိုး --- ၄,၁၃၄,၀၀၀ (လေးဆယ့်တစ်သိန်းသုံးသောင်းလေးထောင်ကျပ်တိတိ) ကိုလှူဒါန်းခဲ့ပါတယ်ရှင်’’ လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေး ၂၁ ယောက်ကို မွေးစားထားတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က