ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း) ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကို မြရွှေပင်အနုပညာဆည်းဆာရိပ်မှ ဆရာတော် ဦးလှတောမှ ပြန်လည် ဖြေရှင်းပေးခဲ့တာပါ။
Photo: Bu TaLin Facebook
ဇူလိုင်(၂၉) ရက်နေ့ နေ့လယ် (၁၂) နာရီ ဝန်းကျင်က ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း) ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းကြောင့် အနုပညာလောကသားတွေနဲ့ အတူ ပရိသတ်တွေလည်း သတင်းအမှန်လား၊ အမှားလား ဆိုတာကို စိတ်ပူခဲ့ကြတာ တွေ့ရပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း)နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာရိပ်မှ ဆရာတော် ဦးလှတောကို Duwun မှ အွန်လိုင်းကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို မိန့်ခဲ့တာဖြစ်ပါတယ်။
" ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း)ဟာ ကျန်းမာရေး ကောင်းမွန်ပြီး တရားထိုင်နေတယ်။ သူတစ်ပါး ဂုဏ်သိက္ခာကို မသေခင် အပုတ်မချကြပါနဲ့၊ ကိုယ့် Like ရဖို့ သူတစ်ပါး ဂုဏ်သိက္ခာကို မရင်းကြပါနဲ့" ဆိုပြီး ပြန်လည် မိန့်ကြားခဲ့ပါတယ်။
Photo: Facebook ( Tint Tint Tun)
ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း) ဟာ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲကို ဝင်ရောက်သွားတာ (၁၀) စုနှစ်တစ်ခု ကျော်လာပြီဖြစ်ပါတယ်။ တင့်တင့်ထွန်းဟာ ၁၉၈၀ ခုနှစ်က စပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်၊ ဂီတနဲ့ ဖက်ရှင်လောကမှာပါ ထိပ်တန်း အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။သူမကို စွယ်စုံရ အနုပညာအမျိုးသမီးတစ်ဦး ဆိုပြီးတော့ ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြတွေ့ရပါတယ်။ ရဲ့ သီချင်းတွေထဲမှာ အအောင်မြင်ဆုံးသီချင်းကတော့ " ကိုကိုကဲလေး" ဆိုတဲ့ သီချင်းဖြစ်ပါတယ်။