ဒါတွေကို ၁၀ နှစ်လောက် ခံခဲ့ရတာပါ။

ဦးကျော်သူဟာ သူ့ရဲ့ အလောင်းထမ်းတဲ့လက်ဟာ ဆရာချစ်ဦးညိုကြောင့် မင်္ဂလာရှိခဲ့တယ်လို့ ဆိုပါတယ်။ အနုပညာအသိုင်းအဝိုင်းကတော့ ကျော်သူနဲ့ အလုပ်တွဲလုပ်ရင် လာဘ်ပိတ်တယ်၊ နာမ်နှိမ်ခံရမယ်ဆိုတဲ့ အယူတွေ ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ 

နာရေးကူညီမှုအသင်းရဲ့ ပဲ့ကိုင်ရှင် ဦးကျော်သူကတော့ တစ်ချိန်က အရမ်းကိုအောင်မြင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပရဟိတအလုပ်ကိုစလုပ်တဲ့အချိန်မှာတော့ သူနဲ့ ရုပ်ရှင်တွဲမရိုက်ချင်တော့တာတွေတောင်ရှိတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ကျွန်တော် ပရဟိတလုပ်တုန်းကဆိုရင် အတိုက်အခိုက်မျိုးစုံ၊ အပေါင်းအသင်းမလုပ်ချင်တဲ့သူတွေကလည်း များတယ်။ တချိူ့ မင်းသား၊မင်းသမီးနဲ့ ဒါရိုက်တာတွေဆိုရင် ကျော်သူနဲ့တောင် မရိုက်ချင်တော့ဘူး ဖြစ်လာရော။ ကျော်သူက အလောင်းကိုင်တယ်၊ အလောင်းထမ်းတယ်၊ ဒါတွေက မင်္ဂလာမရှိဘူး။ လာဘ်ပိတ်မယ်၊ နာမ်အနှိမ်ခံရမယ်ဆိုတဲ့အယူတွေရှိတယ်။ ဒါတွေကို ကျွန်တော်က ၁၀ နှစ်လောက်အထိ ခံခဲ့ရတာပါ” လို့ ဆိုပါတယ်။ 

ကျော်သူဟာ သူ့ရဲ့ လက်နဲ့ အလုပ်ကို အရေးတယူအားပေးခဲ့သူကတော့ ဆရာချစ်ဦးညိုပါလို့ ဆိုပါတယ်။ မသာကိုင်တဲ့လက်၊ အလောင်းထမ်းတဲ့ လက်နဲ့ ဆရာချစ်ဦးညိုရဲ့ မွေးနေ့ကိတ်ပေါ်မှာ မီးထွန်းပေးခွင့်ရခဲ့တဲ့ အမှတ်တရတွေကိုလည်း ပြန်လည်ပြောပြလာပါတယ်။  

“ ကျွန်တော့်လက်က မသာထမ်းတယ်၊ အလောင်းကိုင်တယ်ဆိုတဲ့ လက်ကို ဆရာချစ်ဦးညိုနဲ့ တွေ့တာပေါ့။ မလေးရှားကို ဟောပြောပွဲတစ်ခုသွားတဲ့အချိန်မှာ ဆရာချစ်ဦးညိုမွေးနေ့လည်းဖြစ်တော့ ဖယောင်းတိုင်ထွန်းကြတယ်။ ကျွန်တော့်လက်နဲ့ ထွန်းပေးရတာဆိုတော့ ဆရာချစ်ဦးညိုက ကျွန်တော့်ကိုပြောတယ် မသာထမ်းတဲ့လက်၊ အလောင်းကိုင်တဲ့လက်က ငါ့ မွေးနေ့ကိတ်ကို မီးထွန်းပေးတာ အရမ်းပျော်သွားပြီကွာဆိုပြီးတော့ ကျွန်တော့်ကို ဖက်နမ်းတယ်။ ဒီလိုလေးတွေ ဖြစ်လာတာက အင်မတန် မင်္ဂလာရှိပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

အခုချိန်မှာတော့ လူငယ်အနုပညာရှင်တွေကိုယ်တိုင်က ပရဟိတအလုပ်တွေ၊ နာရေးနဲ့ ပတ်သက်တဲ့ ကုသိုလ်ရေးတွေကို စိတ်ပါဝင်စားစွာ ဆောင်ရွက်လာတဲ့အတွက် ပီတိဖြစ်မိတယ်လို့ ကျော်သူက ပြောပါတယ်။ ဒါပေမယ့် ပရဟိတကို အခွင့်ကောင်းယူပြီး လုပ်ငန်းတစ်ခုလို လုပ်စားနေတာတွေကတော့ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ 

“ တချို့ကကျတော့ ပေါ်ပျူလာဖြစ်ချင်လို့၊ နာမည်ကြီးချင်လို့ လုပ်တာမျိုးတွေတော့ရှိတယ်။ တချို့ကကျတော့ ပရဟိတကို ဗန်းပြပြီးတော့ ကိုယ့်အတ္တအတွက် အယူတွေကို အလွဲသုံးစားလုပ်တာတွေပေါ်လာတယ်။ ဒါတွေကို ဆင်ခြင်ဖို့သင့်တယ်။ အလှူရှင်တွေအနေနဲ့လည်း လှူမယ်ဆိုရင် လှူမယ့်အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းကို လေ့လာပြီးတော့မှ လှူဖို့သင့်တယ်။ ပရဟိတကို ဗန်းပြပြီးလုပ်စားတာကတော့ မြတ်စွာဘုရားကို စော်ကားတာနဲ့ အတူတူပဲ။ ပရဟိတဆိုတာ မြတ်စွာဘုရားတိုင်း လုပ်တဲ့အလုပ်၊ ချစ်မြတ်နိုးတဲ့ အလုပ်ပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က “သုံးပန်လှ ကျိန်စာ” ရုပ်ရှင်အဖွဲ့သားတွေရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၉၄ခုနှစ်မှာတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို ''အမေ့နို့ဖိုး'' ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။၂၀၀၇ခုနှစ်နောက်ပိုင်းမှာ အနုပညာအလုပ်တွေရပ်နားခဲ့ပြီး နာရေးကူညီမှုအသင်း နဲ့ အတူ နောက်ထပ် ပရဟိတ လုပ်ငန်းများစွာကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က