မယ်လိုဒီကတော့ သားလေး သိဒ္ဓိစစ်မွေးနေ့မှာ သားလေးရဲ့ အနုပညာကြေးထဲကနေ COVID-19 အတွက် အလှူအတန်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
Photo: Melody
အဆိုတော် မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ် ကတော့ ဒီနေ့(ဧပြီလ ၃ရက်) မှာ အသက် ၅ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ ဒါကြောင့် COVID-19 အတွက် ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တာတွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
"ယနေ့ကျရောက်သော သားလေး သိဒ္ဓိစစ် @Theo ၏ ၅နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ် သားလေး၏ လုပ်အားခထဲမှ အလှူငွေ ၅သိန်းကျပ်တိတိကို ယခုဖြစ်ပွားနေသော Covid -19 ကပ်ရောဂါကြီးအတွက် ရှေ့တန်းမှ ကာကွယ် တားဆီး ကုသပေးနေကြသော ဆရာဝန် ဆရာမ အားလုံးအား လေးစား ဂုဏ်ပြုလျှက် အထူးလိုအပ်နေသော ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်၊ ဆေးကုသဆောင်များသို့ ထိရောက်စွာ တိုက်ရိုက် လှူဒါန်းပေးနေသည့် ဆရာကြီး Prof. ဦးညွန့်သိန်း နှင့် မမမေမိုးနွယ် မိသားစုတို့၏ အလှူတွင် ပါဝင်ခဲ့ပါသည်" ဆိုပြီးတော့ ဧပြီလ ၃ ရက်နေ့ မနက် ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Amzaing Grace
သိဒ္ဓိစစ် ကတော့ အခုဆိုရင် ကလေးသရုပ်ဆောင်အနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ မိခင်ဖြစ်သူနဲ့ အတူ အနုပညာအလုပ်တွေ လုပ်နေတာလည်းဖြစ်ပါတယ်။ သူ့ရဲ့အနုပညာကြေးလေးတွေကနေတဆင့် မိခင်ဖြစ်သူ မယ်လိုဒီက မကြာခဏ အလှူအတန်းတွေ လုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။
"သားသားရဲ့လုပ်အားခလေးနဲ့၇ရက်သားသမီးတွေကို တစ်နိုင်ကူညီလှူတန်းတာပါရှင်။ ရှေ့လျှောက်အနာဂတ်မှာလဲ (၇)ရက် သားသမီးကိုကောင်းကျိုးပြုပြီး အမှန်တရားဘက်မှာရပ်တည်တဲ့ ပညာတတ် သူတော်ကောင်းလေးဖြစ်ဖို့ရည်မှန်း ရည်စူးပါတယ်ရှင်။ မြန်မာပြည်ကြီးအေးချမ်းပါစေရှင်။ ကမ္ဘာပေါ်ရှိ(၇)ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံပါစေရှင်" ဆိုပြီးတော့ ဆက်လက် ပြောပြထားပါတယ်။
Photo: Melody
လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါ ကူးစက်ခံနေရသူ အယောက်(၂၀) ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များများကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။
Photo: Melody
မယ်လိုဒီ(Melody) ကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့ အတူ သားလေး သိဒ္ဓိစစ် တို့နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။