အသင်းဖော်တွေအတွက် ဖိအားလျော့စေတယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းရားက ပရိသတ်တွေ သူ့အပေါ် လှောင်ပြောင်နေတာကြောင့် အသင်းဖော်တွေအတွက် ဖိအားလျော့သွားကြောင်း ပြောကြားလိုက်ပါတယ်။ မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာ အင်္ဂလန်မှာရော၊ ယူနိုက်တက်မှာပါ ဖိအားများပြားနေတာပါ။



အဆိုပါ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နောက်ခံလူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့နှစ်ပွဲလုံးမှာ အမှားအယွင်းတွေ ကျူးလွန်ခဲ့ပါတယ်။ အင်္ဂလန်ဟာ အဆိုပါနှစ်ပွဲမှာ တစ်ပွဲတစ်ဂိုးစီပေးခဲ့ရပါတယ်။

ဒီဂိုးနှစ်ဂိုးစလုံးကလည်း မက်ဂွိုင်းရားရဲ့ အမှားအယွင်းတွေကြောင့်ပဲဖြစ်ပြီး စကော့တလန်နဲ့ပွဲမှာဆိုရင် မက်ဂွိုင်းရားက ကိုယ့်ဂိုးကိုယ်လည်း သွင်းမိခဲ့ပါတယ်။ မက်ဂွိုင်းရားကတော့ လက်ရှိအချိန်မှာ ဘာပဲလုပ်လုပ် အလွဲလွဲအချော်ချော်နဲ့ အမှားအယွင်းတွေဖြစ်နေခဲ့တာပါ။

ဒါပေမယ့်လည်း မက်ဂွိုင်းရားက “လှောင်ပြောင်မှုတွေနဲ့ အသားကျနေတယ်လို့ မပြောနိုင်ပေမယ့် ဒါတွေကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်။ ဖိအားတွေနဲ့ ရုန်းကန်နေရတယ်လို့လည်း မပြောနိုင်ပါဘူး။ ယူနိုက်တက်ကပ္ပတိန်အဖြစ်နဲ့ လေးနှစ်နီးပါး ဖြတ်သန်းခဲ့ချိန်၊ နောက်ပိုင်းအချိန်တွေမှာ ဒါတွေကို အများကြီး ကျော်ဖြတ်ခဲ့ပြီးပါပြီ”

“ကျွန်တော့်ကို လှောင်ပြောင်တော့ အသင်းဖော်တွေရဲ့ ဖိအားတွေက ကျွန်တော့်ဆီကို ရောက်လာပါတယ်။ သူတို့မှာ ဖိအားမရှိတော့ဘူးပေါ့။ ဒါက သူတို့ကို ပိုကောင်းအောင် ကစားစေနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဂွိုင်းရားရဲ့ မိခင်ဖြစ်သူကလည်း သူ့သားအပေါ် ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောကြားထားပါတယ်။ 

Share

Loading Next Article...
က္က