မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပေါလ်အင့်က ဂျေဒန်ဆန်ချိုရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေပြုလုပ်လိုက်ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်ကို ဒီရာသီကမှ ပေါင် ၇၃သန်းနဲ့ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ကာ ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးဆိုတာကို သက်သေပြဖို့ ကြိုးစားနေရပါတယ်။
အိုးထရက်ဖို့ဒ်မှာ ဆန်ချိုတစ်ယောက် တော်တော်လေးရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၂ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားသလို မိနစ် ၉၀ အပြည့်လည်း တစ်ပွဲမှကစားပေးထားရခြင်းမရှိသေးတာဖြစ်ပါတယ်။ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၁၃၇ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး၅၀ နဲ့ ဖန်တီးမှု ၆၄ ကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်မှာတော့ ဖန်တီးမှုရော၊ သွင်းဂိုးပါ လုံးဝမရရှိသေးတာဖြစ်ပါတယ်။
ပေါလ်အင့်က ဆန်ချိုဟာ ကွင်းအတွင်းမှာ အသင်းကို ပိုမိုကူညီပေးဖို့ထက် သူ့ရဲ့တကိုယ်တော်ခြေစွမ်းကို ပြသချင်စိတ်တွေက ပိုပြီးများပြားနေတယ်လို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။ "ဆန်ချိုက သင်ယူနေဆဲဖြစ်ပြီး အသက်လည်းငယ်ပါသေးတယ်၊ ဒါပေမယ့်လည်း သူကစားနေတာ ဖီဖာဂိမ်းမဟုတ်ပါဘူး၊ ကစားသမား ၂ယောက်၊ ၃ယောက်၊ ၄ယောက်လောက်ကို ကျော်ဖြတ်ဖို့ပဲ ကြိုးစားနေရတဲ့ပွဲတွေမဟုတ်ပါဘူး"
"မာရှယ်ကိုလည်း ဒီလိုမြင်နေရတယ်၊ လင်ဂတ်၊ ဆန်ချိုတို့ သင်ယူဖို့လိုအပ်နေပြီး ဘောလုံးဆိုတာက dribble တစ်ခုတည်းမဟုတ်ပါဘူး၊ တခါတလေမှာ ကစားသမားတွေကို ဖြတ်ကျော်သွားနိုင်ပြီး ဧရိယာထဲမှာလည်း ဘောလုံးလက်ခံရယူနိုင်ရပါမယ်" လို့ ပေါလ်အင့်က United Stand ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။