မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် အမေရိက အလှကုန်တံဆိပ်ထုတ်လုပ်နေတဲ့ မိန်းမချောလေးကတော့ ဗစ်တိုးရီးယားဟန်းနီဝင်းပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း လှပစမတ်ကျနေအောင်နေသလို သူ့ရဲ့ အလှကုန်တွေ အသုံးပြုတဲ့ အမျိုးသမီးတိုင်းကိုလည်း ဘေးဥပါဒ်ကင်းကင်းနဲ့ လိမ်းခြယ်စေချင်တဲ့ စေတနာကြောင့် သူ့ရဲ့ Tori အလှကုန်ဟာ မိန်းကလေးတွေကြားမှာ ရေပန်းစားကျော်ကြားပါတယ်။
အမေရိကမှာ အောင်မြင်နေတဲ့သူမ
သူ့ရဲ့ ပထမဆုံးအောင်မြင်မှုဟာ မြန်မာနိုင်ငံမှာမဟုတ်ပါဘူး၊ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာ Cosmetologist အဖြစ်နဲ့ ရပ်တည်ပြီး အောင်မြင်ခဲ့သူပါ။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ Cosmetics လောကမှာရော အမေရိကန်ပြည်ထောင်စုရဲ့ Cosmetics လောကမှာပါ အောင်မြင်သူတစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ခဲ့ပါပြီ။
Tori စတင်ဖြစ်ပေါ်လာပုံ
မြန်မာနိုင်ငံက အမျိုးသမီးတွေကို အရည်အသွေးကောင်းမွန်ပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ အလှကုန်တွေ သုံးစွဲစေချင်တဲ့ စေတနာနဲ့ ၂၀၀၅ ခုနှစ်မှာ Tori Cosmetic ကို စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီကနေစပြီး တစ်စတစ်စ စေတနာအကျိုးပေးကောင်းတဲ့သူမရဲ့ Tori Cosmetics ဟာလည်း မြန်မာနိုင်ငံတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲသူတွေ များလာပါတယ်။ Product အသစ်ထွက်တာ၊ Product test လုပ်တာ အစစအရာရာ အသေးစိတ်မှာ သူကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ရမှ ကျေနပ်အားရသူတစ်ဦးပါ။ ခုဆိုရင်တော့ ရန်ကုန် နဲ့ မန္တလေးမှာ Showroom တွေ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း နယ်မြို့တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သူမက ပြောပါတယ်။ သူမရဲ့ အောင်မြင်မှုလျှိူ့ဝှက်ချက်ကိုလည်း ခုလိုပြောပြပါတယ်။
"ဘဝမှာ အောင်မြင်အောင် လုပ်မယ်ဆိုရင် တစ်နေ့တာကို ကိုယ့်ရဲ့ ပန်းတိုင်သေးသေးလေးတွေ ထားရှိရမယ်။ အဲဒီပန်းတိုင်သေးသေးလေးတွေကိုလည်း ပြီးစီးအောင် ၊ အောင်မြင်အောင် လုပ်ရမယ်။ အလုပ်ပြီးရမယ်။ ဒါ့ကြောင့် ကိုယ့်ဘဝရဲ့ အောင်မြင်မှုဟာ တစ်နေ့တာ လှုပ်ရှားမှုနဲ့ အများကြီး သက်ဆိုင်တဲ့အတွက် ကိုယ့်ရဲ့ တစ်နေ့တာကို အလုပ်ပြီးစီးပြီး အောင်မြင်အောင် လုပ်ဖို့ လိုပါတယ်။"
ရပ်တည်မှုတွေ အခိုင်အမာရှိနေတဲ့သူမ
Tori Cosmetics ရဲ့ တည်ထောင်သူတင်မကပါဘူး။ သူမရဲ့ ရပ်တည်မှုတွေကလည်း အများသားပါပဲ။ မြန်မာနိုင်ငံမှာ Showroom တွေ ဖွင့်လှစ်ရောင်းချနေတဲ့အပြင် Cosmetologist အဖြစ် ရပ်တည်နေတဲ့ သူမဟာ US ရဲ့ Makeup Show မှာ Ambassador အနေနဲ့လည်း လုပ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Educator အနေနဲ့လည်း Makeup Class တွေပေးကာ ပညာတွေကို ပြန်လည်ဝေမျှပေးနေပြီး Life Coach အနေနဲ့လည်း ရပ်တည်နေတဲ့သူမရဲ့ ရပ်တည်မှုတွေကတော့ အံ့မခမ်းစွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။
သားနှစ်ယောက်မိခင်
ဒီလို လှပကျော့မော့နေတဲ့သူမဟာ သားနှစ်ယောက်မိခင်ပါတဲ့လေ။ အသက် ၁၂ နှစ်အရွယ် နဲ့ ၁၁ နှစ်အရွယ် ချစ်စရာသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး တာဝန်ကျေတဲ့ မေမေတစ်ယောက်အဖြစ် ရပ်တည်နေနိုင်သလို တစ်ဖက်မှာလည်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ရဲ့ ရပ်တည်မှုကိုလည်း မယိုယွင်းစေအောင် အဖက်ဖက်က တာဝန်ကျေပွန်သူတစ်ယောက် ဖြစ်နေပြန်ပါတယ်။ ဒီလိုများမြောင်လှတဲ့ တာဝန်တွေကို ကျေပွန်ဖို့အတွက် သူ့ရဲ့ ခံယူချက်က ဘာလဲဆိုတာကို Duwun ကို ခုလို ပြောပါတယ်။
"အစ်မရဲ့ နေ့စဥ်ခံယူတဲ့ ခံယူချက်ဆို အချက်လေးချက်ရှိတယ်။ အဲဒါက ဘာတွေလဲဆိုတော့ Learning ၊ Earning ၊ Legacy နဲ့ Golden Time ဆိုပြီး State ၄ခု ထားထားတယ်။ Learning State မှာဆိုရင် သင်ယူရမယ်။ နေ့တိုင်း နေ့တိုင်းမှာ သင်ယူရတာတွေက မပြီးဆုံးနိုင်ဘူးလေ။ သင်ယူမယ်၊ သင်ယူပြီးတော့ ကိုယ့်အတွက် ဘာတွေ ပြန်ရမလဲ။ ဒါကတော့ Earning State ပေါ့။ နောက်တစ်ခုကတော့ Legacy ပေါ့။ ဒီ State မှာတော့ ကိုယ့်ရဲ့ မိသားစုအတွက်ဖြစ်ဖြစ် ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ဖြစ်ဖြစ် ကိုယ်သင်ယူထားတာတွေ ၊ ရယူထားတာတွေအတွက် ဘာတွေ ပြန်ချန်ထားခဲ့မလဲ၊ ကိုယ့်ရဲ့ အမွေအနှစ်အနေနဲ့ ဘာတွေ ချန်ထားခဲ့မလဲပေါ့။ ကိုယ့်ရဲ့ Legacy ကတော့ ခု Tori တီထွင်ပေးခဲ့ပြီးပြီ၊ ကိုယ့်သားတေွ ထပ်ဆက်ခံမယ်ဆိုရင် ဒါ Legacy ပေါ့။ နောက် သုံးစွဲသူတွေ သူတို့ Tori ကို သုံးစွဲတဲ့အတွက် အသားအရေ မပျက်ဆီးဘူး။ Safe ဖြစ်တယ်။ ဒါလည်း Legacy ပဲပေါ့။ ကိုယ့်ရဲ့ခံယူချက်နဲ့ Legacy ချန်ထားခဲ့တာတွေပေါ့။ ဒါတွေ ပြီးသွားပြီဆိုရင်တော့ နောက်ဆုံး Golden State ပေါ့။ Golden State မှာတော့ ကိုယ့်ရဲ့ ဘဝကို ဘယ်လို ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်မလဲဆိုတာပေါ့။ အဲဒါလည်း အရေးကြီးတယ်။ အစ်မရဲ့ ဘဝခံယူချက်ကတော့ ဒီလေးချက်ပါပဲ။"
အောင်မြင်သလို ကြိုးစားတဲ့သူမ
သူမကတော့ ဘဝကို အောင်မြင်စေဖို့အတွက် အလုပ်ကိုလည်း ရေကုန်ရေခမ်းကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝါသနာပါတဲ့ အလုပ်ကို အောင်မြင်အောင် လုပ်နေရတာဖြစ်တဲ့အတွက် ပင်ပန်းတယ်လို့ မထင်ဘဲ ပျော်ရွှင်ကျေနပ်နေသူတစ်ယောက်ဖြစ်ကြောင်းကို အမြဲလန်းဆန်းတက်ကြွနေတဲ့ သူမရဲ့ ဟန်ပန်တွေက သက်သေပြနေပါတယ်။ သူမကို ကြည့်ပြီး အားကျနေတဲ့ သူတွေအတွက် ၊ စီးပွားရေးကို လုပ်လိုကြတဲ့ အမျိုးသမီးတွေအတွက် ခုလို အကြံဥာဏ်ပေးလိုက်ပါသေးတယ်။
" ပညာပြည့်စုံပြီလား ၊ အတွေ့အကြုံပြည့်စုံပြီလား။ လူတွေက ငွေကြေးကို အရင်ကြည့်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရပြီလားဆိုပြီး တွေးကြတယ်။ တကယ်က အဲဒါမှားနေတာ။ ပညာ နဲ့ အတွေ့အကြုံပြည့်စုံဖို့အရင်ကြည့်ရမယ်။ အဲဒါတွေ ပြည့်စုံပြီဆိုရင်တော့ Just Drive မောင်းနှင်တော့ မရပ်မနားတမ်းလို့ပဲ အစ်မက ပြောချင်ပါတယ်။"
ကိုယ့်ရဲ့ ဝါသနာ ၊ ယုံကြည်ရာအတိုင်း အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်တယ်ဆိုတာက ကံတရားဆိုတာထက် ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုလုံ့လတွေကသာ အရေးကြီးတာပါ။ သူမကတော့ အသက် ၂၁ နှစ်အရွယ်ကတည်းက ကိုယ်ဘာဖြစ်ချင်တာ ၊ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သေသေချာချာ သိခဲ့တဲ့ အမျိုးသမီးဖြစ်တဲ့အတွက် အခုချိန်မှာ ခိုင်မာတဲ့ ရပ်တည်မှုတွေနဲ့ အောင်မြင်သူတစ်ယောက်ဖြစ်လို့နေပါပြီ။ အမျိုးသမီးတိုင်းလည်း သူ့ရဲ့ အကြံပေးစကားတွေအတိုင်း လျှောက်လှမ်းပြီး ကိုယ့်ရဲ့ အိပ်မက် ၊ ပန်းတိုင်က ဘာလဲဆိုတာကို သေသေချာချာ သိရှိကြမယ်ဆိုရင် အောင်မြင်မှုဆိုတာ မဝေးတော့တဲ့ လက်တစ်ကမ်းမှာ ရှိနေနိုင်မှာ ကျိန်းသေပါတယ်။