မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို လာရောက်အားပေးခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေက ရမ်စ်ဒေးလ်ရဲ့ နာမည်ကို အော်ဟစ်သီဆိုခဲ့ကြကြောင်း သိရှိရပါတယ်။ ဒီပွဲကတော့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့တာပါ။
ချဲလ်ဆီးက ဒီပွဲမှာ ဦးဆောင်ဂိုးနှစ်ဂိုး အရင်ဆုံး ရရှိခဲ့တာဖြစ်ပြီး ပါးလ်မားရဲ့ ပင်နယ်တီ၊ မူဒရစ်ချ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဦးဆောင်နိုင်ခဲ့တာပါ။ အထူးသဖြင့် ဒုတိယပိုင်းမှာ မထင်မှတ်ဘဲ ပေးလိုက်ရတဲ့ မူဒရစ်ခ်ရဲ့ သွင်းဂိုးက ရာယာအတွက် အရှက်ရစရာဖြစ်ခဲ့ပါတယ်။
တောင်ပံကနေ မူဒရစ်ခ် ကန်လိုက်တဲ့ ဘောလုံးက ရှေ့ကို မဆိုသလောက်လေး ထွက်နေတဲ့ ရာယာကို ကျော်ပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ရာယာရဲ့ အမှားက ဒီတစ်ခုတည်း မဟုတ်ခဲ့ဘဲ နောက်ထပ်ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ ကိုယ့်ဂိုးဧရိယာထဲမှာပဲ ရာယာက လူပေးမှားခဲ့တာပါ။
ခံစစ်တန်းမှာ အသင်းဖော် ခံစစ်ကစားသမားတွေနဲ့ ဘောလုံးအပေးအယူလုပ်နေတုန်း ရာယာက ဂိုးပေါက်ရှေ့တည့်တည့်မှာတင် ပါးလ်မားကို လူပေးမှားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပါးလ်မား တစ်ဖက်ကို ဆွဲထွက်သွားချိန်မှာ ရာယာက အချိန်မီ ပြန်လည်ကာကွယ်နိုင်ခဲ့တာကြောင့် ရာယာအတွက်ရော၊ အာဆင်နယ်အတွက်ပါ ကံကောင်းသွားခဲ့ပါတယ်။
ရာယာတစ်ယောက် ဒီလိုမျိုး အမှားအယွင်းတွေကို ကျူးလွန်ခဲ့ပြီးတဲ့နောက်မှာတော့ အဝေးကွင်းကို လိုက်ပါအားပေးခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေက ရမ်စ်ဒေးလ်ရဲ့ နာမည်ကို အော်ဟစ်ပြီး သီချင်းသီဆိုခဲ့ကြပါတယ်။ ရမ်စ်ဒေးလ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ နံပါတ် (၁) ဂိုးသမားနေရာကို ရာယာထံ လွှဲပေးလိုက်ရသလို အခုပွဲမှာလည်း ဇနီးသည်မီးဖွားမှုကြောင့် အသင်းရဲ့ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။