တစ်ပွဲကို ၈၀၀ ကနေ စတင်ရောင်းချပေးနေတာပါ။

ဒီတစ်ခေါက်တော့ လူတိုင်းတတ်နိုင်တဲ့ ဝယ်စားနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ ကျောက်မြောင်းက ထောပတ်ထမင်းကြော်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထောပတ်နံ့လေးသင်းနေတဲ့ ထမင်းကြော်ကို ၈၀၀ ကျပ်ကနေ စတင်ဝယ်စားလို့ ရပါတယ်။ 




ဈေးနှုန်းအသက်သာဆုံးထောပတ်ထမင်းကြော်ဆိုင်  


ထမင်းကြော် တစ်ပွဲကို ၈၀၀ ကနေ ၁၅၀၀ ကျပ်အထိ ဟင်းအလိုက် ချိုသာတဲ့ ဈေးနှုန်းတွေ ဖြစ်အောင် သတ်မှတ်ပြီး ရောင်းချပေးနေတာဖြစ်ပါတယ်။ 



“ဘဲဥတစ်ခြမ်းနဲ့ဆို ၈၀၀ ရောင်းတယ်။ ကြက်သားတစ်တုံးနဲ့ဆို တစ်ထောင်ရောင်းတယ်။ ဝက်သားနဲ့ကျ ၁၂၀၀ ၊ ဆိတ်သားနဲ့ဆို ၁၃၀၀ ပဲရောင်းပေးတယ်။ ဆိတ်သားဆိုလည်း တအားဈေးကြီးတယ်။ တစ်ပိဿကို ၃သောင်းနားကပ်နေပြီ။ အမွှေးနံ့သာတွေဘာတွေ အကုန်ထည့်ရတာပေါ့။ အစ်မအတွက် သိပ်မကိုက်ဘူး၊ မကိုက်လည်းရတယ်၊ ဆိတ်သားတစ်ပွဲ ၁၃၀၀ ဆို တော်တော်ကိုတန်နေပြီပေါ့။ ဟင်းတွေက ဆိတ်ကလီစာရှိမယ်၊ ဝက်ကလီစာရှိမယ်၊ ကြက်ကြော်ရှိတယ်၊ ဝက်ချိုရှိတယ်၊ ဝက်ချိုပေါင်းရှိတယ်၊ ဝက်အူချိုပေါင်း ၊ ကြက်သားနှပ်ရှိတယ်၊ ငါးဖယ်ရှိတယ်။ ဘဲဉရှိတယ်။” လို့ ဂွတ်ရှယ်ထမင်းကြော်ဆိုင်ရှင် မယမင်းက ပြောပါတယ်။ 

ဆိုင်မှာတော့ ဘဲဥဟင်း ၊ ကြက်သားဟင်း ၊ ကြက်သားနှပ်၊ ကြက်သားကြော်၊ ဝက်သားအချိုချက် ၊ ဝက်သားအချိုပေါင်း၊ ဝက်ကလီဆာဟင်း၊ ငါးဖယ်ဟင်း ၊ ကြက်သားနှပ် နဲ့ ဆိတ်ကလီဆာ ၊ ဆိတ်သားဟင်း စသဖြင့် စုံလင်နေအောင် ရောင်းချနေတာတွေ့ရပါတယ်။ 


အခြေခံလူတန်းစားတွေအတွက် ဖွင့်ထားတဲ့ဆိုင် 


ဆိုင်ရှင် မယမင်းကတော့ လူတိုင်း စားနိုင်တဲ့ ဈေးနှုန်းဖြစ်အောင် အထူးသဖြင့် မတတ်နိုင်တဲ့သူတွေ သူ့ဆီမှာ အရသာရှိရှိနဲ့ ချိုသာတဲ့ ဈေးနှုန်းနဲ့ ဟင်းကောင်းကောင်းစားနိုင်အောင် ရည်ရွယ်ထားတယ်လို့ပြောပါတယ်။ 


"ထမင်းကြော်ရောင်းမယ်ဆိုတော့ စဉ်းစားတယ်။ သူများတွေ ၁၈၀၀၊ ၂၀၀၀ ၊ ၃၀၀၀ ရောင်းကြတယ်ပေါ့ ။ တကယ်လည်း အစ်မအတွက် မကိုက်ဘူး။ အမြတ်အစွန်းသိပ်မရှိဘူးပေါ့။ အရမ်းနည်းတယ်။ ဒါပေမယ့်လည်း အားလုံးအဆင်ပြေအောင်ပေါ့။ ခေတ်ကြပ်နေတဲ့ အချိန်ကြီးမှာ ၊ အားလုံးအဆင်မပြေတဲ့ အချိန်ကြီးမှာ ခုလို ဈေးတန်တန်လေးနဲ့ ရောင်းပေးတာပေါ့။ ခုဆိုအရမ်းကြည်နူးဖို့ကောင်းတယ်။ ကိုယ်လည်း ပီတိအရမ်းဖြစ်တယ်။ နောက်ဆို ဒီထက်ပိုပြီး ဈေးသက်သာလို့ရနိုင်အောင်၊ ဈေးပေါပေါနဲ့ ဝယ်စားနိုင်အောင် ထပ်လုပ်ဦးမယ်။ ကြံထားတယ်။ အကြံအစည်တော့ရှိတယ်။ အလှူလုပ်နေသလိုကို ခံစားရတယ်။ ဘေးလူတွေကလည်း မေးကြတယ်။ အလှူလုပ်နေတာလားတဲ့။ ဟုတ်တယ်လို့ ။ ဘယ်လိုပြောရမလဲ။ မလှူတတ်ရင် ဈေးရောင်းပေါ့” 



ဝန်ထမ်းတွေကို အိမ်မပြန်စေချင်လို့ ဖွင့်လိုက်တဲ့ဆိုင် 


ဆိုင်ရှင်မယမင်းဟာ ဒီထမင်းကြော်ဆိုင်ကို ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ နွေရာသီရေခဲသုပ်ဆိုင်လေး ပိတ်လိုက်ရတဲ့ အတွက် ဆိုင်ဝန်ထမ်းတွေကို နယ်ပြန်ခိုင်းရမှာစိုးတာကြောင့် ထမင်းကြော်ဆိုင် ဖွင့်လိုက်တာလို့ သိရပါတယ်။  


“ ပထမက ရေခဲသုတ်ရောင်းတယ်၊ ခု မိုးရာသီဆိုတော့ ရေခဲသုတ်ကာလက ကုန်သွားပြီ ။ မိုးတွင်းကျတော့ ရေခဲသုတ်က အလုပ်မဖြစ်တော့ဘူး။ ရေခဲသုတ်ဆိုင်အတွက် ခေါ်ထားတဲ့ ဝန်ထမ်းကလေးတွေ ကို ပြန်ခိုင်းဖို့ကျတော့လည်း အဆင်မပြေဘူး၊ အစ်မဒီတိုင်း လစာပေးထားဖို့ ကျတော့လည်း အဆင်မပြေဘူးလေ။ အဲဒါကြောင့် တစ်ခုခုတော့ လုပ်မှဖြစ်မယ်။ ထမင်းကြော်လေးကျတော့လည်း အစ်မလည်းကြိုက်တယ်။ အဲဒါနဲ့ ဖွင့်ဖြစ်သွားတာပါ။”





တစ်ရက်တာရောင်းရနှုန်း 


ဂွတ်ရှယ်ထောပတ်ထမင်းကြော်ရဲ့ တစ်ရက်တာရောင်းရနှုန်းကတော့ ဆန်တစ်အိတ်ခွဲနဲ့ အသားတွေကဆို အချိန် ၁၀ လောက်ရောင်းရတယ်လို့ ဆိုပါတယ်။ ပျှမ်းမျှရောင်းရနှုန်းကတော့ တစ်ရက်ကို ၈ သိန်းကနေ ၁၀ သိန်းဖိုးလောက် ရောင်းရတယ်လို့သိရပါတယ်။  


ဒီလို စေတနာအပြည့်နဲ့ ရောင်းချပေးနေတဲ့ ဆိုင်လေးရဲ့ လိပ်စာကတော့ တာမွေမြို့နယ်၊ ကျောက်မြောင်း ၊ မဂ္ဂင်လမ်း နဲ့ သတိပဌာန်လမ်းထောင့်မှာ တည်ရှိပြီး ဆိုင်လေးရဲ့ နာမည်ကတော့ ဂွတ်ရှယ်လို့ ပေးထားပါတယ်။ နေ့လယ် ၁၁ နာရီကနေ ည ၁၁ နာရီထိ ဖွင့်လှစ်ထားတာဖြစ်လို့ ကြုံကြိုက်ခဲ့ရင် သွားရောက်မြည်းစမ်းကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။  



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က