ခန့်စည်သူဟာ COVID-19 ကာလမှာ သူချစ်ရတဲ့ ပရိသတ်တွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကို တတ်နိုင်သလောက် ပံ့ပိုးကူညီပေးရင်း စိတ်ဓာတ်ခွန်အားတွေ ပေးချင်တယ်လို့ဆိုပါတယ်။
သရုပ်ဆောင် ခန့်စည်သူကတော့ COVID-19 ကာလမှာ စားနပ်ရိက္ခာအခက်အခဲရှိသူတွေအတွက် အလှူအတန်းတွေ မကြာခဏ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ပရဟိတလုပ်နေသူ တွေအပေါ် ကောင်းတာပြောသလို ဝေဖန်သူတွေလည်း ရှိကြတယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။
“ အလှူလုပ်တဲ့အခါမှာ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးတော့ လှူတဲ့သူနဲ့ အလှူလက်ခံတဲ့ သူနဲ့ အနည်းဆုံး ၈ ပေအကွာခြားပြီးတော့ တန်းစီပြီးလှူတာပါ။ လူစုလူဝေးမလုပ်ရဘူးဆိုတဲ့အချိန်မှာ အလှူတွေလုပ်ြ ကတဲ့အပေါ် အပြစ်ပြောတဲ့သူလည်းရှိမှာပဲ၊ ဝေဖန်ကဲ့ရဲ့တဲ့သူတွေလည်းရှိမှာပဲ။ သာဓုခေါ်တဲ့သူေ တွလည်းရှိမှာပါ။ ဒါကတော့ တစ်ယောက်တစ်မျိုးစီ သဘောထား ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့လည်း အိမ်ထဲမှာ တံခါးပိတ်သော့ခတ်နေလည်း ရတယ်ဆိုပေမယ့် လူတွေကို ထောက်ပံ့နိုင်သလောက် ထောက်ပံ့ပေးပြီးတော့ စိတ်ဓာတ်ခွန်အားတွေပေးချင်တယ်။ ပရိသတ်အတွက် အားပေးတဲ့အရာက အားတတ်စရာတစ်ခုခုရှိမယ်ဆိုရင် ကျွန်တော်တို့ အပြင်ထွက်တာကို နားလည်ပေးကြမယ်လို့ထင်ပါတယ်။” လို့ ဆိုပါတယ်။
ခန့်စည်သူကိုယ်တိုင်ကလည်း အပြင်မှာ အလှူတွေ လုပ်နေပေမယ့် အိမ်က မိသားစုကိုလည်း ကာကွယ်ရာရောက်အောင် သေချာဂရုတစိုက်နေတယ်လို့လည်း ပြောပြလာပါသေးတယ်။
“ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်ရော၊ မိသားစုကိုရော ကာကွယ်ဖြစ်အောင်နေတယ်။ အပြင်က ပြန်လာရင် ဝတ်ထားတဲ့အဝတ်အစားတွေကို ဆေးဖြန်းပြီးတော့ အိမ်ထဲဝင်တယ်။ ချက်ချင်း အဝတ်တွေလျှော်ပစ်တယ်။ ရေလည်း ချိုးဖြစ်တယ်ပေါ့နော်။ အဖေ နဲ့ အမေကလည်း အသက်ကြီးပြီဆိုတော့ ကိုယ် အပြင်က ပြန်လာတဲ့အခါ ခပ်ခွာခွာလေး နေရတာပေါ့နော်” ဆိုပြီးတော့ မေလ ၃ ရက်နေ့က သူ့ရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေလည်း အများကြီးရှိတယ်လို့ ခန့်စည်သူက ပြောပါတယ်။ ဒီလိုအခြေအနေမှာ ဒုစရိုက်မှုတွေနဲ့ ဝမ်းစာအတွက် ဖြေရှင်းကြသူတွေလည်း ရှိတတ်တာကြောင့် ဂရုတစိုက်နေကြဖို့ သူကဆိုပါတယ်။
“ အခုလိုအချိန်မှာ အကုန်လုံးက စီးပွားရေး ကြပ်တည်းနေကြတာဖြစ်တဲ့အတွက် သမာအာဇီဝ နည်းနဲ့ ဖြေရှင်းကြတာရှိသလို သမာအာဇီဝနည်းနဲ့ မဖြေရှင်းနိုင်ကြတဲ့သူတွေရှိတော့ ဒုစရိုက်မှုတွေလည်း ရှိလာကြတာပေါ့။ ဒါကတော့ ကိုယ့်အနေနဲ့လည်း တားဆီးကာကွယ်နိုင်တဲ့ အရာမဟုတ်ဘူးလေ။ တစ်ဦးချင်းစီက ကိုယ်ပိုင်အသိ၊ သတိနဲ့ ကာကွယ်နေထိုင်ဖို့က အရေးကြီးတယ်လို့ ပြောချင်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။