အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ လေဆိပ်တစ်ခုမှာတာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်ခဲ့တဲ့ ဗြိတိန်အမျိုးသမီးကို ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ကြောင်း သိရပါတယ်။
(ဗြိတိန်အမျိုးသမီးက လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်ခဲ့စဉ်) (Photo: ViralPress)
အသက် ၄၃ နှစ်အရွယ် Auj-e Taqaddas ဟာ ဘာလီကျွန်းရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ယမန်နှစ် ဇူလိုင်လအတွင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ဖေဖေါ်ဝါရီ ၆ ရက်မှာ သူမကို ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ထိုစဉ်က ဗြိတိန်အမျိုးသမီးရဲ့ ခရီးသွားဗီဇာ သက်တမ်းကုန်ဆုံးနေတာ စစ်ဆေးတွေ့ရှိရတာကြောင့် လေဆိပ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးအရာရှိက သူမကို ဟန့်တားခဲ့ပါတယ်။
(Ngurah Rai လေဆိပ်မြင်ကွင်းတစ်ခု) (Photo: AFP)
ထို့နောက် အဆိုပါ အမျိုးသမီးက လေယာဉ်ခရီးစဉ်မမီစေရန် လုပ်ဆောင်နေကြောင်းဖြင့် အော်ဟစ်ကြိမ်းမောင်းကာ ပတ်စ်ပို့ကို ပြန်လုယူရန် ကြိုးပမ်းခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိကို ပါးရိုက်ခဲ့ပါတယ်။ ဗြိတိန်အမျိုးသမီး Taqaddas ဟာ ဗီဇာသက်တမ်းကျော်လွန်လျက် ဘာလီကျွန်းမှာ ရက် ၁၆၀ ခန့် နေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခဲ့မှုကြောင့် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၃,၅၀၀ ပေးဆောင်ရန် ပြောခဲ့ရာ Taqaddas က ကြမ်းတမ်းစွာဖြင့် တုံ့ပြန်ခဲ့ပြီး ပါရိုက်ခဲ့တာကိုလည်း စမတ်ဖုန်းဖြင့်ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းရှိခဲ့ပါတယ်။
Taqaddas ဟာ တရားရုံးအမိန့်ချမှတ်မယ့် အစောပိုင်းရုံးချိန်းတွေကို လာရောက်ခဲ့ခြင်းမရှိဘဲ ယမန်နေ့မှသာ တာဝန်ရှိသူတွေက သူမကို တရားရုံးသို့ အတင်းအကျပ်ခေါ်ဆောင်ခဲ့ရကြောင်းလည်း သိရပါတယ်။ အမှုကြားနာစစ်ဆေးပြီး အမိန့်ချမှတ်ရန် ရုံးချိန်းရက်တွေကို လာရောက်ရန်ပျက်ကွက်ခဲ့ပြီးနောက် Taqaddas ကို တရားရုံးသို့ အတင်းအကျပ် ခေါ်ဆောင်ခွင့်ရှိကြောင်းလည်း အစိုးရရှေ့နေတွေက ဆိုပါတယ်။ ဗြိတိန်အမျိုးသမီး Taqaddas ကတော့ ယခု ပြစ်ဒဏ်ချမှတ်မှုဟာ တရားမျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။
(ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသည့် ဗြိတိန်အမျိုးသမီး) (Photo: AFP/Getty Images)
လူဝင်မှုကြီးကြပ်ရေးအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ပြီးကတည်းက အင်ဒိုနီးရှားအာဏာပိုင်တွေက Taqaddas က နိုင်ငံတွင်းမှ ထွက်ခွာခြင်းမပြုစေရန် တားမြစ်ထားခဲ့တယ်လို့ AFP သတင်းက ပြောပါတယ်။
အင်ဒိုနီးရှားမှ ထွက်ခွာခွင့်မပြုဘဲ တားမြစ်ခံထားရစဉ်အတွင်း အစိုးရရှေ့နေတွေက သူမကို နှိပ်စက်ခဲ့တယ်လို့ Taqaddas က စွပ်စွဲခဲ့ပါတယ်။ အစိုးရရှေ့နေတွေကတော့ Taqaddas ကို ကြမ်းတမ်းစွာပြုမူခြင်း မရှိခဲ့ကြောင်း ပြောပါတယ်။ ယခု ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ဗြိတိန်အမျိုးသမီးက အယူခံဝင်ထားကြောင်း တရားရုံးက ပြောပါတယ်။