ခွေးတစ်ကောင် အလိုက်ခံရစဥ် ၁၃ ပေနက်တဲ့ ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ရေတွင်းတစ်ခုထဲ ပြုတ်ကျနေခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးကို ခြောက်ရက်ကြာပြီးနောက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Basarnas Bali)

အသက် ၂၉ နှစ်အရွယ် ဂျက်ကော့ဘ်ရောဘတ်ဟာ ပီကာတူကျေးရွာမှာ ခွေးတစ်ကောင် အလိုက်ခံရစဥ် ၁၃ ပေနက်တဲ့ ရေတွင်းထဲသို့ ပြုတ်ကျပြီးနောက် ခြေထောက်ကျိုးသွားခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ရေတွင်းထဲမှာ ရေခမ်းခြောက်နေတာကြောင့် ရောဘတ်ဟာ အပေါ်ကို ပြန်မတက်နိုင်တော့ဘူးလို့ ဆိုပါတယ်။



ခမ်းခြောက်နေတဲ့ ရေတွင်းထဲမှာ ရေအနည်းငယ်မျှ ကျန်ရှိနေသေးတာကြောင့် ရောဘတ်ဟာ အသက်ရှင်ခဲ့တာ ဖြစ်နိုင်ကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူတွေက ပြောပါတယ်။ ရေတွင်းထဲရောက်နေတဲ့ ရောဘတ်က ငိုယိုအော်ဟစ်ကာ အကူအညီတောင်းနေခဲ့ရာမှ နောက်ဆုံးမှာတော့ ဒေသခံတစ်ဦးက ကြားသွားခဲ့ပါတယ်။

(Photo: Basarnas Bali)

အဆိုပါ ဒေသခံက ကျွဲနွားတိရိစ္ဆာန်အတွက် အစာရှာထွက်ရင်း ရောဘတ်ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားခဲ့တာဖြစ်တယ်လို့ Bali Sun သတင်းဌာနက ပြောပါတယ်။ ရောဘတ် ပြုတ်ကျသွားခဲ့တဲ့ ရေတွင်းဟာ ကျေးရွာရဲ့ ဝေးလံသီခေါင်တဲ့ နယ်မြေထဲမှာဖြစ်ပါတယ်။ ရောဘတ်ကို တွေ့ရှိသွားတဲ့ ဒေသခံက အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။

"သူက အားနည်းနေပြီး ဒဏ်ရာရထားတယ်" လို့ တောင်ပိုင်းကူတာ ရဲတပ်ဖွဲ့ အကြီးအကဲ Yusak Agustinus Sooai က စနေနေ့ (ဇွန် ၆ ရက်) မှာ ရောဘတ်ကို တွေ့ရှိခဲ့စဥ် ၎င်းရဲ့အခြေအနေကို ပြောပြခဲ့ပါတယ်။ ရောဘတ်ကို ရေတွင်းထဲကနေ လူနာထမ်းစင်ဖြင့် အမျိုးသားသုံးဦးက ဆွဲတင်ခဲ့ကြကြောင်း ဒေသခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ Basarnas Bali ခေါင်းဆောင် Gede Darmada က ပြောပါတယ်။

(Photo: Basarnas Bali)

Basarnas Bali က Instagram မှာ ရေးသားထားမှုအရ ရောဘတ်ကို BIMC Nusa Dua ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ပီကာတူကျေးရွာ (Pecatu village) ဟာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားတဲ့ ဘာလီကျွန်းတောင်ပိုင်းရှိ Nusa Dua ဒေသမှာ တည်ရှိပါတယ်။

ရေတွင်းထဲပြုတ်ကျခဲ့တဲ့ ရောဘတ်ဟာ ထိုဒေသမှာ နေထိုင်နေသူ သို့မဟုတ် ဘာလီကို လာရောက်လည်ပတ်သူဟုတ် မဟုတ် အတိအကျ မသိရသေးပါဘူး။ ဘာလီကျွန်းကိုတော့ COVID-19 ကပ်ရောဂါကြောင့် လနဲ့ချီကြာ lockdown လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဘာလီကျွန်းရှိ နေရာတွေကို သတိထားပြီး ပြန်လည်ဖွင့်လှစ်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က