ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားဟောင်းတဦးဖြစ်တဲ့ မာကိုတာဒယ်လီက ပေါ့ဂ်ဘာဟာ အသင်းအတွက် ပြသနာကောင်ဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ နောက်တကြိမ်ရောက်ရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာ အသင်းအတွက် အခုချိန်ထိ တပွဲမှ မကစားပေးရသေးဘဲ အနားယူနေရတာဖြစ်ပါတယ်။
ရာသီကြိုခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာ မကြာခင်ကမှ ပြန်လည်သက်သာလာပြီး ကစားပေးနိုင်တော့မယ့် အရိပ်အယောင်တွေပြသခဲ့ပေမယ့် နောက်တကြိမ် ဒဏ်ရာရရှိသွားခဲ့လို့ ပြန်အနားယူခဲ့ရပါတယ်။ ဒီအချိန်မှာ ဂျူဗီက ငွေကြေးစာရင်းပိုင်း လိမ်လည်မှုတွေကြောင့် အမှတ်လျှော့ခံလိုက်ရပြိး အသင်းတွင်းပြသနာတက်နေချိန်မှာ သူက နှင်းလျှောစီးကာ ပျော်မြူးနေလို့ ဝေဖန်ခံခဲ့ရတာပါ။
တာဒယ်လီက "ဧပြိလကတည်းက သူ မကစားနိုင်တော့တာပါ၊ မန်ချက်စတာယူနိုက်တက်မှာ ရှိနေချိန်ကတည်းကပေါ့၊ အခုဆိုရင် သူက အသင်းအတွက် ပြသနာဖြစ်လာပါပြီ၊ အသင်းက ကြီးမားတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သူက နှင်းလျှောစီးနေတယ်၊ ဒဏ်ရာကို ခွဲစိတ်ဖို့ အသင်းက ပြောတော့လည်း ငြင်းဆန်နေတယ်၊ ဒီကိစ္စမှာ ဂျူဗီဘက်က ပြတ်သားရှင်းလင်းတဲ့ ရည်ရွယ်ချက်မျိုးမရှိပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ မန်ချက်စတာယူနိုက်တက်အတွက် လီဗာပူးလ်နဲ့ပွဲမှာ နောက်ဆုံးကစားပေးခဲ့တာပါ။ အဆိုပါပွဲမှာ သူက ၁၀ မိနစ်သာကစားပေးခဲ့ပြီး ဒဏ်ရာကြောင့် လူစားလဲခဲ့ရကာ အဲဒီနောက်ပိုင်း လုံး၀မကစားပေးနိုင်တော့ဘဲ ရာသီကုန်မှာ အလွတ် ထွက်ခွာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ပြသနာတွေအတွက်လည်း ယူနိုက်တက်ပရိသတ်တွေ ကျေနပ်နေပြီး အသင်းကို စော်ကားခဲ့သူအတွက် ဒါက တုံ့ပြန်ခံရတာလို့ ဆိုနေကြပါတယ်။