ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက ဒီရက်ပိုင်းအတွင်း သူ့ကို တောက်လျှောက် ဝေဖန်ပြောဆိုနေတဲ့ အသင်းဖော်ဟောင်း ရွန်းနီအပါအဝင် ကာရေဂါကိုပါ အင်စတာဂရမ်ပေါ်ကတဆင့် တုံ့ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုနဲ့ရွန်းနီတို့ဟာ ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်ပြီး ကာရေဂါကတော့ လီဗာပူး ကစားသမားအဖြစ်နဲ့ နှစ်ယောက်လုံးကို ရင်ဆိုင်ခဲ့ဖူးပါတယ်။
ရွန်းနီက ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယူနိုက်တက်ကို ဝေဖန်ခဲ့ပြီး ရော်နယ်ဒိုထက်စာရင် ပိုမိုငယ်ရွယ်တဲ့၊ အောင်ပွဲတွေကို ဆာလောင်တဲ့ ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ဖို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ရွန်းနီက ပေါ့ဘာကို လက်လွှတ်ခံသင့်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ ဒီအကြောင်းတွေကို ရွန်းနီက ကာရေဂါလည်း ပါဝင်တဲ့ Monday Night Football အစီအစဥ်မှာ ပြောကြားခဲ့တာပါ။
လီဗာပူး ဂန္တဝင်ဟောင်း ကာရေဂါကလည်း စကိုင်းစပေါ့သတင်းဌာနရဲ့ ပင်တိုင် ရုပ်သံဝေဖန်သုံးသပ်သူတယောက်ဖြစ်ပြီး ဒီရာသီတလျှောက်လုံး ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အမြဲတမ်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူတာက ယူနိုက်တက်တို့ အလုပ်ဖြစ်မှာမဟုတ်ကြောင်း၊ ရာသီကုန်မှာ ရော်နယ်ဒိုကို ရောင်းထုတ်သင့်ကြောင်း အစရှိသဖြင့် အဆင့်ဆင့် ဝေဖန်လာခဲ့တာပါ။
ဒီလိုမျိုး ရွန်းနီနဲ့ကာရေဂါ နှစ်ယောက်လုံး ပါဝင်ဆွေးနွေးထားတဲ့ MNF အစီအစဥ်က ဓာတ်ပုံကို ရွန်းနီက သူ့ရဲ့ အင်စတာဂရမ်မှာ ပြန်တင်ခဲ့ချိန်မှာတော့ ရော်နယ်ဒိုက “မနာလိုဖြစ်နေတဲ့သူနှစ်ယောက်” လို့ ဝင်ရောက်ရေးသားခဲ့ပါတယ်။
ဒီကောမန့်က ရော်နယ်ဒိုကိုယ်တိုင် ရေးသားခဲ့တဲ့ ကောမန့်ဖြစ်တယ်လို့ ယူဆရပြီး သူ့ရဲ့ ငယ်သူငယ်ချင်းဟောင်းကို စနောက်ချင်တာကြောင့် အခုလိုမျိုး ရေးသားခဲ့ဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ရွန်းနီက ရော်နယ်ဒိုကို ဒီရက်ပိုင်းအတွင်း မကြာခဏ ဝေဖန်မှုတွေ၊ နောက်ပြောင်မှုတွေ ပြုလုပ်နေပေမယ့် နှစ်ယောက်ကြား ဆက်ဆံရေးကို ထိခိုက်စေဖွယ်မရှိဘူးလို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။