ရထားသံလမ်းပေါ်မှာအိပ်ပျော်နေတဲ့ အမျိုးသားတစ်ယောက်ကို ရထားပွတ်တိုက်မိတာကြောင့် ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။
Photo - Thet Mon Phyo
ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ တောင်ငူဘူတာနဲ့ သောင်းတိုင်ကုန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၁၆၅/၂-၃)ကြား သံလမ်းပေါ်မှာ အိပ်နေတဲ့ အမျိုးသားတစ်ယောက်ကို ရထားတိုက်မိခဲ့တာပါ။
ရထားတိုက်ခံရတဲ့ သတင်းကြောင့် သတင်းအရ ရထားရဲတပ်ဖွဲ့၊ ခွဲ(၅)တောင်ငူရထားရဲစခန်းကတပ်ဖွဲ့ဝင်တွေနဲ့ တောင်ငူဘူတာရုံက တာဝန်ရှိသူတွေ သွားရောက်ကြည့်တဲ့ အခါမှာ ရေဘုတ်ကုန်းကျေးရွာက အသက် ၃၃ နှစ်အရွယ် ချစ်ထူးနိုင်ဆိုသူဖြစ်တယ်လို့သိရပါတယ်။
ရထားသံလမ်းပေါ်မှာ အိပ်နေရင်း အမှတ်(၂)အစုန် မန္တလေး-ရန်ကုန် လူစီးစာပို့ရထား နဲ့ ပွတ်တိုက်မိခဲ့ရာက ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့လို့ တောင်ငူဆေးရုံကြီးကို ပို့ပြီးကုသထားရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် ချစ်ထူးနိုင်ကို တောင်ငူမြို့မရဲစခန်းက (ပ)၈၂၈/ ၂၀၁၈၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။