ဟစ်တလာဟာ နာဇီခေါင်းဆောင်မဖြစ်မီက ပန်းချီဆရာတစ်ဦးပါ။

ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲတစ်ခုအတွင်း နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ ရေးဆွဲခဲ့တယ်လို့ပြောထားတဲ့ ရေဆေးပန်းချီကားအတုသုံးချပ်ကို ဂျာမန်ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဟစ်တလာပန်းချီကားအတုသုံးချပ်ကို ဘာလင်မှာပြုလုပ်တဲ့ Kloss လေလံပွဲမှာ အရောင်စာရင်းတင်ထားခဲ့ပြီး အတုပြုလုပ်ထားကြောင်း သံသယရှိတာကြောင့် စစ်ဆေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Getty Images)

တောင်တန်းမြင်ကွင်း၊ မြစ်တစ်စင်းနဲ့ သစ်ပင်အောက်မှာ လူတစ်ဦးထိုင်နေတဲ့ပုံ ရေဆေးပန်းချီကားသုံးချပ်ကို လေလံပွဲမှာ ရောင်းချရန်စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပန်းချီးကားတွေကို ၂၀ ရာစုနှစ် အစောပိုင်းကာလအတွင်း မြူးနစ်မြို့မှာ ဟစ်တလာက ပန်းချီဆရာအဖြစ် အလုပ်လုပ်ခဲ့စဉ် ရေးဆွဲခဲ့တယ်လို့ ဆိုထားပါတယ်။

ရဲတပ်ဖွဲ့က လေလံပွဲမှာရောင်းချရန် စီစဉ်ထားတဲ့ ဟစ်တလာပန်းချီကားတွေဟာ အတုပြုလုပ်ထားကြောင်း သတင်းရရှိပြီးနောက် ဇန်နဝါရီ ၂၄ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ ရဲတပ်ဖွဲ့က အဆိုပါ လေလံပွဲကို ဝင်ရောက်စီးနင်းပြီး သိမ်းဆည်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Reuters)

ယခုကိစ္စနဲ့ပတ်သက်ပြီး လိမ်လည်ရန် ကြံစည်အားထုတ်မှုနဲ့ စာရွက်စာတမ်း အတုပြုလုပ်မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ဘာလင်ရဲတပ်ဖွဲ့က Twitter မှာ ပြောထားပါတယ်။ ဟစ်တလာပန်းချီကားအတု တစ်ချပ်စီကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၄,၅၀၀ (မြန်မာကျပ်ငွေ ၆၈ သိန်းဝန်းကျင်) ဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ပန်းချီကားသုံးချပ်လုံးကို ကျွမ်းကျင်သူတစ်ဦးက အစစ်အမှန်ဖြစ်ကြောင်း တံဆိပ်နှိပ် အသိအမှတ်ပြုထားတယ်လို့လည်း ဆိုပါတယ်။ ထိုသို့ အစစ်အမှန်ဖြစ်ကြောင်း ထောက်ခံချက်ဟာ အတုပြုလုပ်ထားခြင်းဟုတ် မဟုတ်ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသမီး ပက်ထရစ်ရှာ ဘရာမာက BBC သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

ဟစ်တလာပန်းချီကားအတုကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးမှုပြုလုပ်ခြင်း မရှိခဲ့ကြောင်းလည်း သိရပါတယ်။ Kloss လေလံကုမ္ပဏီကတော့ ယခုကိစ္စအပေါ် လတ်တလော မှတ်ချက်ပေး တုံပြန်မှုမရှိသေးဘူးလို့ BBC က ပြောပါတယ်။ ပန်းချီကားတွေကို ရောင်းချသူတွေဟာ အသက်ကြီးပိုင်းတွေ ဖြစ်ကြပြီး ၎င်းတို့ရဲ့အမည်ကို ထုတ်ဖော်လိုခြင်းမရှိဘူးလို့ ဆိုပါတယ်။

သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပြစ်မှုကျူးလွန်ခဲ့တဲ့ ဟစ်တလာဟာ အာဏာရှင် နာဇီခေါင်းဆောင်မဖြစ်မီက ကျပန်းအလုပ်သမားနဲ့ ပန်းချီဆရာတစ်ဦး ဖြစ်ခဲ့ပါတယ်။ ထိုစဉ်က ပို့စကတ်နဲ့ ပန်းချီကားတွေကို ဟစ်တလာ ရေးဆွဲခဲ့ပါတယ်။

(Photo: Reuters)

ပန်းချီအနုပညာရှင် ဖြစ်ချင်ခဲ့တဲ့ ဟစ်တလာက သြစတြီးယားနိုင်ငံရှိ Vienna Academy of Fine Arts ကျောင်းမှာတက်ရောက်ရန် လျှောက်ထားခဲ့ဖူးပေမဲ့ နှစ်ကြိမ်တိုင်ပယ်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဟစ်တလာရဲ့ Mein Kampf စာအုပ်မှာတော့ တစ်ရက်လျှင် အများဆုံး ပန်းချီကားသုံးကား ရေးဆွဲခဲ့ကြောင်း ၎င်းက ပြောထားပါတယ်။ ဂျာမနီမှာ နာဇီအမှတ်အသားတွေ မပါဝင်တဲ့ ဟစ်တလာ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို တရားဝင် လေလံတင်ရောင်းချနိုင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က