လျှပ်စစ်ကားထုတ်လုပ်ရေးအတွက် Xiaomi ဟာ ခြေလှမ်းကြီးကြီး လှမ်းလာပြီ ဖြစ်ပါတယ်

စမတ်ဖုန်းစီးပွားရေးကနေ လျှပ်စစ်ကားထုတ်လုပ်ရေးဘက်ကို အာရုံစိုက်လာတဲ့ Xiaomi ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ အလိုအလျောက်မောင်းစနစ်ပါ လျှပ်စစ်ယာဉ် EV တစ်မျိုး ဈေးကွက်ထဲ မိတ်ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

Xiaomi အမှုဆောင်အရာရှိချုပ် လေဂျန်ရဲ့ အဆိုအရ ကုမ္ပဏီဟာ သူ့အလိုအလျောက် မောင်းနှင်နိုင်တဲ့ Self-Driving နည်းပညာ ပါဝင်တဲ့ တံခါးလေးပေါက်တပ် ဆီဒင်ကားတစ်မျိုး ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ ၂၀၂၄ မှာ ဈေးကွက်ထဲ ဝင်ရောက်လာနိုင်တဲ့ ဒီကားကို တရုတ်မှာ ရှိတဲ့ Xiaomi ရဲ့ ကိုယ်ပိုင်ကားစက်ရုံမှာပဲ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး အလိုအလျောက်စနစ်သုံး EV ကား ဖြန့်ချိပြီး နောက် ၃ နှစ်အတွင်းနောက်ထပ် မော်ဒယ် ၃ မျိုး မိတ်ဆက်လာနိုင်ပါတယ်။ 




ဒီနှစ် မတ်လထဲမှာပဲ ကုမ္ပဏီဟာ EVs ယာဉ်တွေ ထုတ်လုပ်သွားမယ့် စီမံကိန်းအကြောင်း ကြေညာခဲ့ပြီး လဆန်းပိုင်းကပဲ ကားကုမ္ပဏီလုပ်ငန်းအတွက် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်မှု ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ Xiaomi ဟာ လာမယ့် ၁၀ နှစ်အတွင်း လျှပ်စစ်ကားစီးပွားရေးထဲမှာ ဒေါ်လာ ၁၀ ဘီလျံ (ယူရို ၈.၅ ဘီလျံ ဝန်းကျင်) ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း ကြေညာထားပါတယ်။ 

Xiaomi ရဲ့ လျှပ်စစ်ကားကုမ္ပဏီဟာ ပထမသုံးနှစ်အတွင်း လျှပ်စစ်ကား အစီးရေ ၉ သိန်းရောင်းချနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တရုတ်ကားဈေးကွက်လေ့လာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ CINNOResearch ရဲ့ အဆိုအရ Xiaomi ဟာ ယာဉ်ထုတ်လုပ်ရေးအတွက် ရေရှည်စီမံကိန်းနှစ်ခုနဲ့ ချဉ်းကျပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ပထမတစ်နည်းက ရှိပြီးသား ကားစက်ရုံတစ်ခုကို ဝယ်ယူဖို့နဲ့ နောက်တစ်နည်းက ကိုယ့်ဘာသာ ကားစက်ရုံတည်ဖို့ ဖြစ်ပါတယ်။ 

Xiaomi ဟာ ကားထုတ်လုပ်ရေးစတင်လုပ်ဆောင်ဖို့ ဘေဂျင်းမှာရှိတဲ့ Miyun Park ထဲက Borgward ကားစက်ရုံကို မျက်စိကျနေတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံရဲ့ ကားထုတ်လုပ်ရေးစွမ်းရည်ဟာ တစ်နှစ်ကို ကားအစီးရေ ၁၈၀၀၀၀ ရှိတယ်လို့လည်း ပြောပါတယ်။ CINNOResearch သတင်းအရ Xiaomi ကားကုမ္ပဏီဟာ ဝူဟန်ပြည်နယ် ဟန်နန်ခရိုင်ထဲမှာလည်း ဒုတိယမြောက် ကိုယ်ပိုင်ကားစက်ရုံသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

၂၀၂၂ ခုနှစ် မတ်လကစပြီး Xiaomi ဟာ ကားထုတ်လုပ်ရေးလုပ်ငန်းတွေ ၊ ပစ္စည်းတင်သွင်းသူတွေ နဲ့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းတွေအပါအဝင် ကုမ္ပဏီအမျိုးမျိုးနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်ကပဲ ကုမ္ပဏီဟာ ဘေဂျင်းအခြေစိုက် အလိုအလျောက်မောင်းနှင်မှုဆိုင်ရာ နည်းပညာ Startup လုပ်ငန်းတစ်ခုဖြစ်တဲ့ Deepmotion Tech ကို ဒေါ်လာ ၇၇ သန်းနဲ့ ဝယ်ယူကြောင်း ကြေညာထားပါတယ်။ Xiaomi ဟာ အကြွေးပိနေတဲ့ နာမည်ကျော် ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းစု Evergrande ရင်းနှီးမြှပ်နှံမှုပါတဲ့ ကားလုပ်ငန်းကို ဝယ်ယူဖို့လည်း ချိန်နေပါတယ်။ 



Evergrande ရဲ့ ကားစီးပွားရေးကို Nio ၊ Xpeng နဲ့ Xiaomi အပါအဝင် ကုမ္ပဏီအတော်များများက ဝယ်ဖို့ ချဉ်းကပ်နေကြပြီး Xiaomi က အနီးစပ်ဆုံးလို့ ဆိုပါတယ်။ Reuters သတင်းတစ်ပုဒ်အရ Xiaomi ဟာ Great Wall Motor နဲ့လည်း အရောင်းအဝယ်စကားပြောနေတယ်လို့ သိရပါတယ်။ စမတ်ဖုန်းလောကမှာ Xiaomi ဟာ iPhone တွေ ထုတ်လုပ်ပေးနေတဲ့ Foxconn နဲ့ ပူးပေါင်းမှု လုပ်နေပါတယ်။ ထိုင်ဝမ်ကန်ထရိုက်စက်ရုံလုပ်ငန်း Foxconn ကိုယ်တိုင်က MIH နာမည်နဲ့ လျှပ်စစ်ကားပလက်ဖောင်းတစ်ခု တည်ထောင်ထားပြီး တရုတ်လျှပ်စစ်ကားကုမ္ပဏီ Geely နဲ့လည်း eMobility ကန်ထရိုက်ထုတ်လုပ်ရေးတစ်ခု စတင်ထားပါတယ်။ 

စမတ်ဖုန်းလုပ်ငန်းတစ်ခုအနေနဲ့ ကျော်ကြားတဲ့ Xiaomi ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လျှပ်စစ်ကားကုမ္ပဏီတစ်ခုအဖြစ်ပါ မြင်တွေ့ရတော့မှာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ Xiaomi ဟာ Xiaomi M1 လျှပ်စစ်ကားနမူနာဒီဇိုင်းကို မိတ်ဆက်ထားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က