အင်တာမိုင်ယာမီက အော်လန်ဒိုစီးတီးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ မေဂျာလိဂ်ပွဲမတိုင်ခင်မှာ မက်ဆီထံက အမှတ်တရလက်မှတ် တောင်းဆိုခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်းက အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ ဒီအကြောင်းကို သူကိုယ်တိုင်က ဖွင့်ဟခဲ့ပြီး အခုလိုမျိုး အထုတ်ခံရပေမယ့် နောင်တမရကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဆာလာမန်ကာက မက်ဆီထံက လက်မှတ်ရရှိဖို့အတွက် သူ့ရဲ့ ယူနီဖောင်းအောက်မှာ အာဂျင်တီးနားဂျာစီကို ဝတ်ဆင်ထားခဲ့ပါတယ်။ အဲ့ဒီနောက် အသင်းဘတ်စ်ကား ရပ်နားရာ နေရာနားမှာ သွားစောင့်နေခဲ့ပြီး မက်ဆီထံက လက်မှတ်ကို ရယူခဲ့တာဖြစ်ပါတယ်။
အကြောင်းအရင်းအစုံနဲ့ပတ်သက်လို့ ဆာလာမန်ကာက “ကျွန်တော်က အသင်းဘတ်စ်ကား ရပ်တဲ့နေရာက ရေချိုးခန်းကို သန့်ရှင်းရေး လုပ်ရမှာပါ။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်လည်း ရောက်ရော၊ အသင်းဘတ်စ်ကားလည်း ရောက်လာပါတယ်။ ပြီးတော့ ကစားသမားတွေအကုန်လုံး အောက်ဆင်းလာကြပါတယ်”
“နောက်ဆုံးမှဆင်းလာတာကတော့ မက်ဆီပါ။ ကျွန်တော် သူ့ကို “ဟေး… ကမ္ဘာ့ချန်ပီယံကြီး” လို့ လှမ်းအော်ခေါ်လိုက်ပါတယ်။ သူလှည့်ကြည့်တဲ့အချိန်မှာ ကျွန်တော်က ယူနီဖောင်းအောက်မှာ ဝတ်ထားတဲ့ အာဂျင်တီးနားဂျာစီကို ပြပြီး သူ့ကို မာကာ Pen ပါ တစ်ခါတည်း ပြလိုက်ပါတယ်။ သူကလည်း ကျွန်တော့်ကို လက်မှတ်ထိုးပေးခဲ့ပါတယ်”
“လုံခြုံရေးတွေကလည်း ချက်ချင်းကို ရောက်ရှိလာခဲ့ပြီး ကျွန်တော့်ကို ဆွဲခေါ်သွားတယ်၊ ပြီးတော့ ကျွန်တော့်ကို အလုပ်ကနေ ထုတ်လိုက်ကြပါတယ်။ ဒါပေမယ့် တစ်စက္ကန့်တိုင်းက လုံးဝကို ထိုက်တန်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ကစားပေးထားတဲ့ပွဲတိုင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းယူပြီး ကောင်းမွန်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းလျက်ရှိပါတယ်။