၂၀၁၈ ခုနှစ်က အဆင့် ၁ ဖြစ်ခဲ့ပါတယ်

Facebook ဟာ အလုပ်လုပ်ဖို့ အကောင်းဆုံးကုမ္ပဏီများစာရင်းမှာ အဆင့်သတ်မှတ်ချက်ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။ 

Glassdoor အလုပ်အကိုင်ဆန်းစစ်လေ့လာရေးဝက်ဘ်ဆိုက်ရဲ့ အမေရိကန်တလွှား အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာများ အဆင့်သတ်မှတ်ချက်မှာ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms ဟာ အဆင့်အများကြီး ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အများပြည်သူဆက်ဆံရေးဆိုင်ရာအကျပ်အတည်းကြီးတွေကြောင့် တစ်နှစ်အတွင်းအမှာ Facebook ဟာ Glassdoor ရဲ့ နှစ်အလိုက် အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာများသတ်မှတ်ချက်မှာ နံပါတ် ၁၁ နေရာကနေ ၄၇ နေရာအထိ ကျဆင်းသွားခဲ့တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။



Photo: CNET


ပြီးခဲ့တဲ့နှစ်ထဲမှာ ကုမ္ပဏီဟာ Facebook ကနေ Meta အဖြစ် နာမည်ပြောင်းခဲ့ပြီး လူမှုကွန်ရက်ပလက်ဖောင်းတွေကိုတော့ ရှိပြီးသား Facebook နာမည်နဲ့ပဲ ဆက်လည်ပတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၂ နှစ်လုံး Glassdoor ရဲ့ Best Places To Work စာရင်းမှာ ပါဝင်ခဲ့ပေမယ့် Glassdoor ကုမ္ပဏီ ၁၀၀ အဆင့်သတ်မှတ်ချက်မှာ ဒီတစ်ခေါက်က အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့တာလို့ ဆိုရမှာပါ။ 

အဆင့်သတ်မှတ်ချက်တွေ ကျဆင်းခဲ့ပေမယ့် Facebook ဟာ လုပ်ငန်းခွင်အတွင်း လုပ်ပိုင်ခွင့် ပိုပေးခဲ့ပြီး အပိုခံစားခွင့်များ ထပ်ဆောင်းပေးခဲ့သလို ထုတ်ကုန်တစ်ခုမှာ ပိုထိထိရောက်ရောက် လုပ်နိုင်ခွင့်နဲ့ နှစ်သက်ရာလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ပိုင်ခွင့်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ အများစုကတော့ ကုမ္ပဏီရဲ့ အနာဂါတ်ရှေ့ရေးလမ်းညွှန်ချက်ပေါ် မေးခွန်းထုတ်စရာတွေနဲ့ ပလက်ဖောင်းပြဿနာတွေပေါ် ခေါင်းဆောင်ပိုင်းက အရေးယူမှု မရှိခဲ့တာနဲ့ မလိုလားအပ်တဲ့ အများပြည်သူစုံစမ်းစစ်ဆေးမှုတွေလိုမျိုး ပြဿနာတွေကြောင့် အခုလို အဆင့်သတ်မှတ်ချက် ကျခဲ့တာလို့ ဆိုပါတယ်။ 

ဝန်ထမ်းဟောင်းတစ်ဦးမှ တစ်ဆင့် ကုမ္ပဏီထုတ်ကုန်တွေရဲ့ သုံးစွဲသူတွေအပေါ် သက်ရောက်မှုအကြောင်း လေ့လာထားတဲ့ ထောင်နဲ့ချီတဲ့ ကုမ္ပဏီတွင်းသုတေသနစာမျက်နှာတွေ အများပြည်သူနဲ့ လွှတ်တော်အမတ်တွေဆီ ပေါက်ကြားခဲ့ပြီးနောက် Meta ဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နှစ်ကုန်ပိုင်းကပဲ ဝန်ထမ်းဟောင်းဖြစ်သူ ဖရန့်စ် ဟော်ဂန်က The Wall Street Journal အပါအဝင် သတင်းဌာနတွေနဲ့ ကွန်ဂရက်ကို ကုမ္ပဏီရဲ့ အတွင်းရေးတွေ ဖွင့်ချခဲ့သလို ငွေချေးလုပ်ငန်း သက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင် SEC မှာလည်း တိုင်ကြားချက်တွေ လုပ်ဆောင်ခဲ့ပါတယ်။ 

Photo: scmp


Instagram ဟာ ဆယ်ကျော်သက်အမျိုးသမီးငယ်တချို့မှာ စိတ်ကျန်းမာရေးပြဿနာ ပိုဆိုးဝါးစေနိုင်ကြောင်း ကုမ္ပဏီရဲ့ သုတေသနမှာ တွေ့ရှိထားလျက်နဲ့ ဖုံးကွယ်ခဲ့တဲ့အချက်ကို လွှတ်တော်အမတ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။ တခြားအထောက်အထားတွေမှာလည်း Facebook ဟာ အကြောင်းအရာစောင့်ကြည့်တည်းဖြတ်ရာမှာ တချို့ နာမည်ကြီးပုဂ္ဂိုလ်တွေအတွက် သီးသန့်ထည့်သွင်းစဉ်းစားမှုတွေ လုပ်လေ့ရှိတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။ 

၂၀၁၈ မှာ Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို နိုင်ငံရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Cambridge Analytica က တလွဲရယူသွားပြီးနောက် ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ် Glassdoor အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁ ကနေ ၇ နေရာ ရောက်သွားခဲ့ပါတယ်။ Glassdoor အယ်လ်ဂိုရစ်သမ်ရဲ့ ၂၀၂၁ အောက်တိုဘာလကုန်အထိ ၁၂ လတာ တွက်ချက်ထားတဲ့ဝန်ထမ်းတွေ Reviews နဲ့ Ratings သတ်မှတ်ချက်အရ Facebook သတ်မှတ်ချက်ဟာ ၅ မှတ်မှာ ၄.၃ မှတ် ရထားပါတယ်။ 

Glassdoor ရဲ့ ၂၀၂၂ အတွက် အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာအဖြစ် အမေရိကန် ချပ်စ်ကုမ္ပဏီ Nvidia က ထိပ်ဆုံးမှာ ရှိပြီး သူ့နောက်မှာ HubSpot နဲ့ Bain&Co တို့က အစဉ်အလိုက် ရပ်တည်နေပါတယ်။ ဒီကုမ္ပဏီအားလုံးက Rating ၅ မှာ ၄.၆ အထိ ရထားတာလည်း ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က