ဝန်ထမ်းအမြောက်အများ အလုပ်လျှော့ခံရပြီးနောက် Twitter ဝန်ထမ်းဟောင်းတွေဟာ ကုမ္ပဏီကို တရားစွဲဆိုလိုက်တယ်လို့ ဆိုပါတယ်။
လူပေါင်းများစွာ အလုပ်လျှော့ချမှုအတွင်း ၎င်းတို့ရဲ့ အလုပ်အကိုင်ဆုံးရှုံးစေခဲ့ရာမှာ ဖက်ဒရယ်နဲ့ ကယ်လီဖိုးနီးယားဥပဒေအရ လုံလောက်တဲ့ ကြိုတင်အသိပေးမှု မရခဲ့တာကြောင့် တရားစွဲခဲ့တာလို့ ပြောပါတယ်။ တရားစွဲဆိုမှုကို အင်္ဂါနေ့က အလုပ်ထုတ်ခံလိုက်ရတဲ့ Twitter ရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ အီမန်နျူရယ် ကော်နက်အပါအဝင် လက်ရှိနဲ့ အရင် Twitter ဝန်ထမ်းဟောင်း ၅ ဦးက ဦးဆောင်ပြီး ကြာသာပတေးနေ့က ဆန်ဖရန်စစ္စကိုဖက်ဒရယ်တရားရုံးမှာ စွဲချက်တင်ထားတာပါ။
Photo: LA Times
Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်လက်ထဲ ကုမ္ပဏီရောက်သွားပြီးနောက် ရက်ပိုင်းအတွင်း ဝန်ထမ်းတွေ အလုပ်လျှော့တော့မယ့်အကြောင်း Twitter ဟာ ကြာသာပတေးနေ့ညနေက အသိပေးခဲ့ပါတယ်။ အလုပ်ဆက်ရှိနေဦးမယ့် ဝန်ထမ်းတွေကို အလုပ်အီးမေလ်းကနေတစ်ဆင့် အသိပေးသွားမှာ ဖြစ်ပြီး အလုပ်အကိုင်ထိခိုက်သွားတဲ့သူတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအီးမေးလ်အကောင့်ကနေ ဆက်သွယ်သွားမယ်လို့လည်း ဆိုပါတယ်။
သတင်းတွေအရ Twitter ဟာ ဝန်ထမ်းအင်အားရဲ့ ၅၀% ကို အလုပ်ဖြုတ်ခံရဖို့ ရှိပြီး ဒါဟာ ခန့်မှန်းခြေ လူပေါင်း ၃၇၀၀ လောက် အလုပ်ပြုတ်မယ့်ကိန်းဖြစ်ပါတယ်။ ဖက်ဒရယ်အလုပ်သမားရေးရာ ညှိနှိုင်းရေးနဲ့ လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ အသိပေးချက် (WARN) အက်ဥပဒေအရ စက်ရုံပိတ်တာဖြစ်စေ ၊ လူပေါင်းများစွာ အလုပ်ဖြုတ်ရာမှာ ဖြစ်စေ ဝန်ထမ်းတွေကို ရက် ၆၀ အတွင်း ကြိုတင် အသိပေးရမယ်လို့ ဖော်ပြထားပါတယ်။
Twitter ဝန်ထမ်းဟောင်းတွေရဲ့ တရားစွဲချက်ထဲမှာ ကုမ္ပဏီကို WARN အက်ဥပဒေကို လိုက်နာဖို့ အမိန့်တစ်ခု ထုတ်ပေးရန်ပါ တောင်းဆိုထားပါတယ်။ဒီအတွင်း Twitter ဘက်က ဥပဒေအရ ဝန်ထမ်းရပိုင်ခွင့်တွေ စွန့်လွှတ်စေနိုင်တဲ့ စာရွက်စာတမ်းတွေမှာ ဝန်ထမ်းတွေ လက်မှတ်ထိုးချင်လာအောင် ဖြားယောင်းတာမျိုးကိုလည်း ကာကွယ်ပေးဖို့ ပြောထားပါတယ်။ Twitter ဘက်က ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ပြု ပြောကြားခြင်း မရှိပါဘူး။
Photo: Reuters
သောကြာနေ့က တင်ထားတဲ့ အီလွန်မတ်စ်ရဲ့ Tweet ထဲမှာ "ဝန်ထမ်းလျှော့ချခြင်းဟာ စိတ်မကောင်းစရာဘဲ တစ်ရက် ဒေါ်လာ ၄ သန်း ကျော် ဆုံးရှုံးရခြင်းအတွက် ရွေးချယ်စရာမရှိ မဖြစ်မနေ လုပ်ဆောင်လိုက်ရတဲ့ကိစ္စဖြစ်ကြောင်း ၊ အလုပ်လျှော့ခံရသူတိုင်း နစ်နာကြေး ၃ လစာပေးထားပြီး ဒါဟာ ဥပဒေအရ လိုအပ်တာထက် ၅၀% ပိုပေးထားတာ ဖြစ်ကြောင်း" ပြောထားပါတယ်။