ချဲလ်ဆီးက အထုတ်ခံရချိန်မှာ မော်ရင်ဟို ဘယ်လိုနှစ်သိမ့်ပေးခဲ့လဲဆိုတာကို လမ်းပတ်ကပြောကြားလာတာပါ။

ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း နည်းပြဘဝထဲကို ကူးပြောင်းလာခဲ့တဲ့ ဖရန့်လမ်းပတ်ဟာ ဒီနှစ်အစောပိုင်းမှာ ချဲလ်ဆီးနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ လမ်းပတ်အနေနဲ့ ချဲလ်ဆီးရဲ့ ဂန္တဝင်တယောက်ဖြစ်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ အောင်မြင်မှုတွေနဲ့ လွဲချော်နေဆဲဖြစ်ပြီး အခုလိုမျိုး ဖြစ်ခဲ့ရတာပါ။



ဒါပေမယ့် အသင်းနဲ့သူ့အကြား၊ သူနဲ့ပရိသတ်တွေအကြား ဆက်ဆံရေးက ကောင်းမွန်နေဆဲဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေက လမ်းပတ်ကို ချစ်မြတ်နိုးနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုကလည်း ချဲလ်ဆီးပရိသတ်တွေရဲ့ အချစ်တော်နည်းပြဖြစ်ခဲ့ဖူးပြီး ချဲလ်ဆီးကို သူနည်းပြခဲ့စဥ်မှာလည်း လမ်းပတ်က သူ့အတွက် မရှိမဖြစ်ကစားသမားအဖြစ် အသုံးတော်ခံခဲ့တာပါ။

လမ်းပတ်၊ မော်ရင်ဟို၊ တယ်ရီတို့အတွဲက အောင်မြင်မှုတွေ အတူတူဆွတ်ခူးနိုင်ခဲ့ပြီး တချိန်က သူ့ကို စပါယ်ရှယ်ဝမ်းအဖြစ် သက်သေပြပေးခဲ့တဲ့ ဒီကစားသမားတွေကို မော်ရင်ဟိုက အခုထိ ချစ်ခင်နေဆဲဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြရာထူးက အထုတ်ခံရချိန်တုန်းကလည်း မော်ရင်ဟိုက လမ်းပတ်ကို ဘယ်လိုမျိုးနှစ်သိမ့်ပေးခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ ကာယကံရှင် လမ်းပတ်ကိုယ်တိုင်က အခုလိုပြောကြားခဲ့ပါတယ်။

လမ်းပတ်က “ကျနော် ချဲလ်ဆီးနည်းပြရာထူးက အထုတ်ခံရပြီးပြီးချင်း မော်ရင်ဟိုနဲ့ လမ်းမှာ ပက်ပင်းတိုးတော့တာပဲ။ သူက အဲ့ဒီတုန်းက စပါးနည်းပြပေါ့။ အဲ့ဒီအချိန်မှာ ကျနော်နဲ့သူနဲ့ လက်ခုပ်တွေတီးခဲ့သလိုမျိုးပဲဗျ။ ကျနော်လိမ်မပြောပါဘူး။ သူက ကျနော့်ဆီ ရောက်လာပြီး ပွေ့ဖက်ပေးထားပါတယ်”

“ပြီးတော့ ‘မင်းအခု တကယ့်မန်နေဂျာအစစ်ဖြစ်ပြီကွ၊ ဘာလို့လဲဆိုတော့ မင်းအထုတ်ခံရဖူးပြီလေ’ လို့ ပြောပါလေရော။ အလုပ်ပြုတ်လာတဲ့ လူတယောက်ကို ဒါက တကယ့်ကို ချီးယားစ်လုပ်နေသလိုပါပဲ။ ဒါပေမယ့် ကျနော် ဒါကို ချစ်မြတ်နိုးပါတယ်။ ကျနော်တို့ရှင်သန်ရာလောကကြီးက ဒီလိုပဲလေ” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးကနေ နှစ်ကြိမ်တိုင်တိုင် ထုတ်ပယ်ခံခဲ့ရဖူးတာဖြစ်ပြီး ယူနိုက်တက်၊ စပါးတို့ကနေလည်း အထုတ်ပယ်ခံခဲ့ရဖူးတဲ့ ကမ္ဘာကျော်နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။  

Share

က္က