ထိုင်းနိုင်ငံက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှ အလုပ်သမားတွေအတွက် နယ်စပ်များပြန်ဖွင့်သွားရန် စီစဥ်နေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ (နိုဝင်ဘာ ၉ ရက်) ပြောပါတယ်။
အလုပ်သမား ရှားပါးမှုကြောင့် ပြည်ပပို့ကုန်နဲ့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုရတဲ့ နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်မှု လျော့ပါးသက်သာစေရေး ဆောင်ရွက်မှုအဖြစ် ထိုင်းအစိုးရက နိုင်ငံခြားသားအလုပ်သမားတွေ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် စီစဥ်လာခြင်း ဖြစ်ပါတယ်။
(Photo: Reuters)
ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးထိုးမှု၊ ကွာရန်တင်းစည်းမျဥ်းနဲ့ COVID-19 စစ်ဆေးမှု အစီအစဥ်တွေကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၀ ရက်) မှာ ဆုံးဖြတ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ Pairote Chotikasathien က ပြောပါတယ်။ အစားအစာနဲ့ ရာဘာထုတ်လုပ်ရေးကဲ့သို့ ထိုင်းနိုင်ငံရဲ့ ကြီးမားတဲ့ ပြည်ပပို့ကုန်ကဏ္ဍဟာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအပေါ် ကြီးမားစွာ မှီခိုအားထားနေရပါတယ်။
ယခုအချိန်မှာ ထိုင်းနိုင်ငံက နိုင်ငံခြားသား အလုပ်သမား ၄၂၀,၀၀၀ လိုအပ်နေကြောင်း Pairote Chotikasathien က ခန့်မှန်းခဲ့ပြီး အများစုဟာ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ပင်လယ်စာလုပ်ငန်းတွေမှာဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်အစောပိုင်းမှာ COVID-19 ကူးစက်မှုတွေ အဆိုးဆုံးဖြစ်ပွားခဲ့စဥ်က နိုင်ငံခြားသား အလုပ်သမားအများအပြားဟာ ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ကြပြီး ပြန်မလာခဲ့ကြဘူးလို့ ဆိုပါတယ်။
(Photo: VN News)
ထိုင်းမှာဆက်နေခဲ့ကြတဲ့ အလုပ်သမားအချို့ကတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့အတူ စက်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ ကွာရန်တင်းအစီအစဥ်များအရ အလုပ်လုပ်ခဲ့ကြရပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂ သန်းနီးပါးနဲ့ သေဆုံးသူ ၁၉,၇၆၄ ဦးရှိခဲ့ပြီး အများစုဟာ ဧပြီလနောက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိ ရွှေ့ပြောင်းလုပ်သားတွေကြား မျိုးဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ် (Delta variant) ကူးစက်မှုများ တွေ့ရှိခဲ့ချိန်မှဖြစ်ကြောင်း သိရပါတယ်။