သမဂ္ဂအဖွဲ့နဲ့ဆို ကုမ္ပဏီနဲ့ ဝန်ထမ်းဆက်ဆံရေးပြောင်းသွားနိုင်တယ်လို့ ပြောပါတယ်

အလုပ်သမားအရေးအတွက် ဖွဲ့စည်းလာတဲ့ သမဂ္ဂတွေမှာ အဖွဲ့မဝင်ကြဖို့ Apple ဒုဥက္ကဌဖြစ်သူ ဒီယာဒရေး အိုဘရီယန်က ဝန်ထမ်းတွေကို မှာကြားနေတဲ့ ဗွီဒီယိုဟာ လူမှုကွန်ရက်မီဒီယာအသီးအသီးပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ 

ပေါက်ကြားလာတဲ့ ဗွီဒီယို အသံဖိုင်ထဲမှာ Apple လက်လီနဲ့ လူထုရေးရာ ဒုဥက္ကဌဖြစ်သူ အိုဘရီယန်က သမဂ္ဂကြောင့် ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းရာမှာ ကုမ္ပဏီရဲ့ အားထုတ်မှုနှေးကွေးသွားနိုင်ကြောင်း သတိပေးထားပါတယ်။ 



“ကျွန်မတို့အကြားမှာ ပွင့်လင်းပြီး ပူးပေါင်းမှု ရှိသလို တိုက်ရိုက်ထိတွေ့နိုင်မှုအပေါ် အခြေခံထားတဲ့ ဆက်ဆံရေးတစ်ခု ရှိပါတယ်။ တကယ်လို့ စတိုးတစ်ခုဟာ အလျှော့အတင်းသဘောတူညီချက်တွေအောက် သွားတဲ့ သမဂ္ဂအဖွဲ့တစ်ခုရဲ့ ကိုယ်စားပြုမှုနဲ့ သွားမယ်ဆိုရင် ဒီဆက်ဆံရေးက အခြေခံကနေ ပြောင်းသွားနိုင်တယ်လို့ ကျွန်မခံစားရတယ်။ ” လို့ မနေ့က တက်လာတဲ့ ဗွီဒီယိုဖိုင်မှာ သူမက ပြောသွားပါတယ်။ 



သမဂ္ဂမှာ ပါဝင်ခြင်းရဲ့ အားနည်းချက်တွေနဲ့ ဒီအဖွဲ့အစည်းတွေဟာ ဝန်ထမ်းတွေအတွက် ကတိကဝတ်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူးဆိုပြီး အိုဘရီယန်က ဗွီဒီယိုဖိုင်မှာ ပြောခဲ့ပါတယ်။ Apple အနေနဲ့ အမေရိကန်တလွှား လက်လီစတိုးဆိုင်တွေမှာ သမဂ္ဂဖွဲ့လာမှုအပေါ် ကန့်ကွက်ကြောင်း လူသိရှင်ကြားထုတ်ပြောတာမျိုး မရှိဘဲ ဝန်ထမ်းတွေကိုပဲ သမဂ္ဂမှာ မဝင်ချင်အောင် ဖျောင်းဖျနေတာ ဖြစ်ပါတယ်။ 

"သမဂ္ဂဝင်တယ်ဆိုတာ ရှင်တို့ သဘောပါ။ မဝင်ဘူးဆိုတာလည်း ရှင်တို့ အခွင့်အရေးပါပဲ။ တကယ်လို့ ဒီလို ဆုံးဖြတ်စရာနဲ့ ကြုံလာရင် အလုပ်သမားသမဂ္ဂတစ်ဖွဲ့ဖွဲ့ကနေတစ်ဆင့် အလျှော့အတင်းလုပ်တဲ့ သဘောတူညီမှုတစ်ရပ်အောက် Apple မှာ အလုပ်လုပ်တာ ဘယ်လိုမျိုး ဖြစ်မလဲ နားလည်ဖို့ လူတွေနဲ့ အရင်းအမြစ်ဘောင်းစုံဆီက အကြံဉာဏ်ရယူဖို့ တိုက်တွန်းချင်ပါတယ်။" လို့ သူမက ပြောပါတယ်။ 

အိုဘရီယန်အနေနဲ့ Apple ဟာ ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်းရှီပြီး သမဂ္ဂအဖွဲ့တစ်ဖွဲ့ကတော့ ဝန်ထမ်းရေးရာ ပြဿနာတွေကို ဖြေရှင်းရာမှာ ကော်ပိုရိတ်အာဏာပိုင်တွေအတွက် ပိုခက်ခဲစေမယ်လို့ ယုံကြည်ကြောင်းပါ ထည့်ပြောထားပါတယ်။ Apple ဟာ အမေရိကန်မှာ ရှိတဲ့ လက်လီစတိုးဆိုင် ၂၇၀ ကျော်မှာ အနည်းဆုံးသမဂ္ဂအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားနေတာနဲ့ ကြုံတွေ့နေပါတယ်။ 

အတ္တလန်တာမှာရှိတဲ့ Cumberland Mall စတိုးတစ်ခုဟာလည်း လာမယ့် ဇွန်လ ၂ ရက်နေ့မှာ Communications Workers Of America နဲ့ သမဂ္ဂဖွဲ့စည်းဖို့ မဲပေးသွားမှာပါ။ မေရီလန်းပြည်နယ် ‌Towsoကေ နောက်စတိုးတစ်ခုကလည်း ဇွန်လနှောင်းပိုင်းလောက်မှာ International Association Of Machinists and Aerospace Workers အဖွဲ့နဲ့ ပူးပေါင်းဖို့ မဲပေးတော့မှာ ဖြစ်ပါတယ်။ 

နယူးယော့ခ်စီးတီးက Apple Store ဝန်ထမ်းတွေကလည်း တရားဝင်သမဂ္ဂဖွဲ့ဖို့ လက်မှတ်တွေ စုဆောင်းနေပါတယ်။ သမဂ္ဂဖွဲ့ဖို့ စည်းရုံးရေးဆင်းနေသူတွေကတော့ ဆိုင်အတွင်း COVID-19 ဘေးကင်းရေးစည်းမျဉ်းတွေနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အညီ လစာတိုးပေးရေး စတဲ့လုပ်ငန်းခွင်ရေးရာ အခက်အခဲတွေကို တင်ပြဖို့ သမဂ္ဂဖွဲ့နေကြတာလို့ ဆိုပါတယ်။ နယူးယော့ခ်မှာ ရှိတဲ့ Grand Central Terminal ဝန်ထမ်းတွေဟာ အနည်းဆုံး တစ်နာရီလုပ်ခ ဒေါ်လာ ၃၀ ရဖို့ တောင်းဆိုထားကြပါတယ်။ 



တခြားနိုင်ငံတွေမှာ လက်လီဝန်ထမ်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကတစ်ဆင့် ညှိနှိုင်းသဘောတူညီမှုတွေ လုပ်နေကြပေမယ့် အမေရိကန် Apple Store တွေမှာတော့ လက်ရှိအချိန်အထိ သမဂ္ဂဖွဲ့စည်းနိုင်ခြင်း မရှိသေးပါဘူ။ Apple ကုမ္ပဏီအနေနဲ့ လက်လီဝန်ထမ်းတွေကို အကျိုးခံစားခွင့် ကောင်းကောင်းပေးထားပြီး အနည်းဆုံးလုပ်ခကိုလည်း တစ်နာရီ ဒေါ်လာ ၂၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

သမ္မတဂျိုးဘိုင်ဒင်ရဲ့ ထောက်ခံအားပေးမှုနဲ့အတူ အမေရိကန်တလွှားမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းဖို့ လှုပ်ရှားလာကြပါတယ်။ အမေရိကန်က Starbucks ကော်ဖီစတိုးဆိုင် ၅၀ ကျော်ဟာ သမဂ္ဂဖွဲ့စည်းလိုက်ပြီ ဖြစ်သလို နယူးယော့ခ် ၊ စတာတန်ကျွန်းက Amazon သိုလှောင်ရုံတစ်ခုလည်း ဒီနှစ်ဆန်းပိုင်းကပဲ ကုမ္ပဏီရဲ့ ပထမဆုံး အလုပ်သမားသမဂ္ဂဖွဲ့လိုက်ကြောင်း ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က